Wednesday, March 19, 2014

လှိုင်မြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး မိဘနေရပ်သို့ မပြန်ရသဖြင့် ခြောက်လွှာတိုက်ခန်းပေါ်မှ ခုန်ချမှုဖြစ်ပွား

လှိုင်မြို့နယ်တွင် မတ် ၁၈ ရက် နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး မိဘနေရပ်သို့ မပြန်ရသဖြင့် ခြောက်လွှာအမြင့် တိုက်ခန်းပေါ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယခုလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

မတ် ၁၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် လှိုင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ခရေ (၃) လမ်းရှိ တိုက်တစ်တိုက်တွင် မိန်းကလေးတစ်ဦး တိုက်ပေါ်မှခုန်ချကြောင်း သိရသဖြင့် စုံစမ်းရာ အဆိုပါမိန်းကလေးမှာ ယင်းလမ်းနေ မ..... (၂၃) နှစ်ဖြစ်ကြောင်း သိရပြီး
၎င်း၏မိဘများနေထိုင်ရာ တောင်ငူမြို့သို့ ပြန်လိုကြောင်း ပြောသည်ကို ယောက္ခမဖြစ်သူတို့မှ တားမြစ်ခဲ့ခြင်းကြောင့်ဟု သိရသည်။

ထိုသို့ တားမြစ်သဖြင့် စိတ်ဆိုးကာ ခြောက်လွှာရှိ နေအိမ်တိုက်ခန်း ၀ဲဘက်ခြမ်း ပြတင်းပေါက်မှ အောက်သို့ခုန်ချရာ သုံးလွှာရှိ ဆန်းရှိတ်ပေါ်မှတစ်ဆင့် မြေညီထပ်ရှိ ကားဂိုဒေါင်သွပ်မိုးပေါ်သို့ ကျခဲ့ပြီး ယင်းမှတစ်ဆင့် မြေပေါ်သို့ ကျခဲ့ခြင်းဖြစ်သည်။

“လင်မယားချင်း စကားများတာ နှစ်ရက်၊ သုံးရက်လောက် ရှိတယ်လို့ သိရတယ်။ တိုက်ပေါ်ကကျကျချင်း မိန်းကလေးကို သေပြီလို့ထင်တာ ဆေးရုံကိုတင်တော့ ခါးအရိုး ညှပ်သွားတယ်လို့ သိရတယ်” ဟု အဆိုပါတိုက်အနီး နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းသို့ ခုန်ချမှုကြောင့် မ.....တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခါးနာကျင်ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသနေရကြောင်း သိရသည်။

“သူ့ယောက်ျားကတော့ ရွှေနန်းတော်ရွှေဆိုင်မှာ အလုပ်လုပ်တယ်လို့ သိရတယ်။ တောင်ငူကို ဘာကြောင့်ပြန်လိုတာလဲ ဆိုတာကိုတော့ စစ်ဆေးတုန်းပဲ ရှိပါသေးတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပတ်ဝန်းကျင်ကလူတွေ ပြောတာကတော့ အဲဒီကောင်မလေးက စိတ်ကြီးတယ်လို့ ပြောတယ်။ တစ်ခုခုဖြစ်ရင် ရတာနဲ့ ကောက်ပေါက်တာတို့လုပ်တယ် သိရတယ်” ဟု ပိတောက်ချောင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၁၈ ရက် မွန်းလွဲကဆိုသည်။

အဆိုပါဖြစ်စဉ်မှ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သူ မ....အား ပိတောက် ချောင်းနယ်မြေ ရဲစခန်းက (ပ) ၁၃၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မတ် ၅ ရက် နံနက် ၃ နာရီခန့်ကလည်း ပုဇွန်တောင်မြို့နယ်တွင် ပထမထပ်၌ နေထိုင်သော အမျိုးသမီးတစ်ဦး ပြုတ်ကျမှုဖြစ်ပွားရာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

အလားတူ မတ် ၁၁ ရက်၊ ညနေ ၆ နာရီခန့်ကလည်း ဗိုလ်တထောင်မြို့နယ်ရှိ လေးလွှာအမြင့်ရှိ တိုက်ခန်း၏ ၀ရန်တာမှ အသက် ၃၈ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မတ် ၁၅ ရက် နံနက် ၁၁ နာရီခန့်ကလည်း အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ငါးလွှာအမြင့်ရှိ တိုက်ခန်းပေါ်မှ အ၀တ်လှန်းနေစဉ် ခြေချော်ကျကာ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment