Wednesday, March 19, 2014

ယူကရိန်းနဲ့ ရုရှားကြားက ပဋိပက္ခ ပိုမိုတင်းမာလာ နောက်ဆုံးရေးသားချိန်

ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ စစ်ရေးအရ ကိုင်တွယ်ရမယ့် အဆင့်အထိ ရောက်ရှိနေပြီလို့ ယူကရိန်း ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ခရိုင်းမီးယားဒေသမှာ အခြေချတဲ့ ယူကရိန်းစစ်တပ် အရာရှိငယ်တစ်ဦး တိုက်ခိုက် သေဆုံး သွားခဲ့ရတဲ့ နောက်ပိုင်း မှာပဲ ယူကရိန်း ၀န်ကြီးချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရုရှားက ခရိုင်းမီးယား ဒေသကို ဖေဖော်ရီလ ကစပြီး ၀င်ရောက် သိမ်းပိုက် ခဲ့ကတည်းက အခုတိုက်ခိုက် သေဆုံးမှုဟာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။

အဆိုပါ သေဆုံး သွားခဲ့တဲ့ ယူကရိန်း စစ်တပ် အရာခံဗိုလ်ကို လက်နက် အပြည့်အစုံ ကိုင်ဆောင် ထားတဲ့ အမည် မသိ တပ်ဖွဲ့ တခုကနေ တိုက်ခိုက် သတ်ဖြတ် ခဲ့တာဖြစ်တယ်လို့ ယူကရိန်း စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ အဆိုပါ တိုက်ခိုက် မှုအတွင်း တပ်သား တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရခဲ့တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ခရိုင်းမီးယား ဒေသ လူထု ဆန္ဒခံယူပွဲရဲ့ ရလဒ်တွေ အရ ခရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံထဲ ထည့်သွင်း လိုက်တာ ဖြစ်ပါတယ်။ ခရိုင်းမီးယား ဒေသ ပိုင်ဆိုင်မှု အရေးနဲ့ ပတ်သက်ပြီး အနောက် အင်အားကြီး နိုင်ငံတွေက ရုရှားကို သတိပေး တားမြစ် ထားတဲ့ ကြားကပဲ ရုရှားက အခုလို လုပ်ဆောင် လိုက်တာ ဖြစ်ပါတယ်။

အဲဒီအတွက် အမေရိကန် နိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့လည်း ရုရှားရဲ့ အာဏာ ချဲ့ထွင်မှုကို တုန့်ပြန်တဲ့ အနေနဲ့ ရုရှားအပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ယူကေဘက်က ရုရှားနဲ့ နှစ်ဖက် စစ်ရေး ပူးတွဲဆောင်ရွက်မှုတွေကို ဆိုင်းငံ့ ထားလိုက်တယ် လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague ကပြောပါတယ်။ ရုရှားနိုင်ငံဟာ နိုင်ငံတကာ ဥပဒေကို မလေးစားဘူးလို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံဟာ ခရိုင်းမီးယားဒေသကို သိမ်းယူလိုက်တာဟာ နယ်မြေရယူလိုမှုထက် ဘာမှမပိုဘူးလို့ အမေရိကန် ဒု သမ္မတ Joe Biden က ရုရှားကို ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံ သမ္မတ Vladimir Putin (Credit: AFP) 
ABC

No comments:

Post a Comment