Friday, March 14, 2014

လူထု၏ ဆန္ဒမပါရှိသော ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရန် တရုတ်နိုင်ငံ၏ လေ့လာမှုများကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည်စိစစ်နေ

လူထု၏ ဆန္ဒမပါရှိသော  ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရန် တရုတ်နိုင်ငံ၏ လေ့လာချက်များကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြန်လည်စိစစ်ဆွေးနွေးနေကြောင်း ၎င်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

ယင်းသို့ စိစစ်ဆွေးနွေးမှုများကို မတ်  ၉ ရက်က ပြုလုပ်ခဲ့ပြီး ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံ ရေးထိုးခဲ့သော MoU စာချုပ်နှင့် လက်ရှိ တရုတ်နိုင်ငံမှ ဖောက်လုပ်ရန် လေ့လာမှုကို ရထားပို့ဆောင်ရေးမှ တာဝန်ရှိသူများက ရုံးတွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ရုံးတွင်းလုပ်ပြီး စိစစ်တာပါ။ တရုတ်နဲ့ ထိုးထားတဲ့ MoU စာချုပ်တွေ နဲ့ အခုလက်ရှိဖောက် လုပ်ဖို့ လေ့လာနေတဲ့ တရုတ်နိုင်ငံရဲ့ အချက်အလက်တွေကို ဆွေးနွေးတာဖြစ်ပါတယ်”ဟု ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း၏ ကုန်ကျမည့်စရိတ်အများစုကို တရုတ်နိုင်ငံဘက်မှ ရင်းနှီးဆောက်လုပ် မည်ဖြစ်သော်လည်း နှစ် ၅၀ ကြာမြင့်မည်ဖြစ်သော ဘီအိုတီ စီမံကိန်းဖြစ်ကြောင်း ရထားပို့ဆောင်ေ ရးဝန်ကြီး ဌာနမှ သိရသည်။

သို့သော် အဆိုပါ ရထားလမ်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကိုဖြတ်ကာ ဖောက်လုပ်မည့်စီမံကိန်း ဖြစ်သောကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာအပြင် စီမံကိန်းကြောင့် ဆိုးကျိုးရလဒ်များ ထိခိုက်လာနိုင်ကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြဝေဖန်ထားသည့်အပြင် အဆိုပါစီမံကိန်းအတွက် ကန့်ကွက်ဆန္ဒပြမှုများနှင့်  နိုင်ငံရေးပါတီအချို့၏ သဘောတူညီမှု မရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားမှုများလည်း ရှိခဲ့သည်။

ကမ္ဘာပေါ်တွင် အင်အားကြီး နိုင်င်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ အပေါ် သက်ရောက်မှုရှိနိုင်ပြီး နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်သည့် နိုင်ငံ့အလယ်ပိုင်းကို ဖြတ်ကာ ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ရန် စီမံဆောင်ရွက်နေခြင်းအပေါ် ပြည်သူများက ပြင်းပြင်း ထန်ထန် ဝေဖန်မှုများ ရှိနေသည်။ ယူကရိန်းတွင် ဖြစ်ပွားနေသော ခရိုင်းမီးယားအရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ရုရှား၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချမှုများ ပြုလုပ်နေစဉ် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နှင့်ပတ်သက်၍ စိုးရိမ်ဖွယ်စီမံကိန်းတစ်ခု ဖြစ်သည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်မှုကို တရုတ်အစိုးရဘက်မှ လျင်လျင်မြန်မြန် အကောင်အထည်ဖော်လာခြင်းက နိုင်ငံရေးကျွမ်းကျင်သူများ၏ ဝေဖန်မေးခွန်းထုတ်စရာ ဖြစ်လာသည်။

တရုတ်နိုင်ငံမှ ရထားလမ်းစီမံကိန်းအပြင် ကားလမ်းကိုပါ ဖောက်လုပ်ရန် မြန်မာနိုင်င်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း၊ လက်ရှိတွင် ကားလမ်းဖောက်လုပ်ရန် ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြီးစီးနေပြီဖြစ်ကြောင်း ၊ ဆောက်လုပ်မှုအပိုင်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ယခင်ရထားပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း၊ တာဝန်မှ အနားယူခဲ့သော ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးတို့မှ ဦးဆောင်ကာ တရုတ်နိုင်ငံ ဘက်မှ China Railway Engineering Cor-poration (CREC) တို့ ၂၀၁၁ ခုနှစ် ဧပြီလအတွင်းက နားလည်မှု စာချွန်လွှာ MoU စာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွင်း ဒေါ်လာဘီလျံ ၂၀  ခန့် အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။

စာချုပ်ရေးထိုးခဲ့စဉ်က တရုတ်ဘက်မှ သုံးနှစ်အတွင်း အဆိုပါစီမံကိန်းကို အပြီးသတ်လုပ်ဆောင်နိုင်မည်ဟု ကြေညာမှုများရှိခဲ့ပြီး လက်ရှိအချိန်တွင်မူ မြန်မာနိုင်ငံနှင့် လုပ်ငန်းလုပ်ဆောင်ရန် သဘောတူညီချက် MOA စာချုပ်ရေးထိုးမှု မပြုလုပ်ရသေးကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment