Wednesday, March 26, 2014

မဟာသန္တိသုခ ကျောင်းတိုက်မှ လုံးဝဖယ်ပေးမည် မဟုတ်ဟု ပီနန်ဆရာတော်မိန့်ကြား


 
 နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ပီနန် ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော မဟာသန္တိသုခ ကျောင်းတိုက်မှ လုံးဝဖယ်ရှားပေးမည် မဟုတ်ကြောင်း ပီနန်ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။
မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များကို ဖယ်ပေးရန် နိုင်ငံတော် သံဃ မဟာနာယက အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး မတ်လ ၂၅ ရက်နေ့ မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

ကျောင်းတိုက်ရှိ သံဃာတော်များအားလုံး မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားလာခြင်း ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက၏ တရားမျှတမှု မရှိသော လုပ်ရပ် ဖြစ်သောကြောင့် ဖယ်ရှားပေးမည် မဟုတ်ကြောင်း ဦးပညာဝံသက မိန့်ကြားသည်။
“ဒီကျောင်းတိုက်ကြီးကို နဝတခေတ် ကတည်းက ဘုန်းကြီးကိုယ်တိုင် ကျောင်းဆောက်လုပ်ခဲ့တာ အများအသိပါ။ အဓမ္မနည်းနဲ့ ဖယ်ရှားမယ် ဆိုရင်လည်း ဖယ်ပေးမှာ မဟုတ်ပါဘူး” ဟု ဆရာတော်က မိန့်ဆိုသည်။

ယင်းသို့ မူလကျောင်းထိုင် ဆရာတော်များကို ဖယ်ရှားရန်အတွက် နိုင်ငံတော်က အဓမ္မနည်းဖြင့် လုပ်ဆောင်ပါက လက်ထိတ်နှင့် ကျည်ဆန်များကို သံဃာတော်များက ထိပ်တိုက် ရင်ဆိုင် သွားမည် ဖြစ်ကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။
“ဘယ်ဟာက အမှန်တရားလဲ ဆိုတာကို အားလုံးသိပါတယ်။ မတရားတာတွေ ဖြစ်နေရင် ဘုရားသားတော်တွေက ဓမ္မနည်းနဲ့ အဓမ္မနည်းတွေကို တွန်းလှန် ချေမှုန်းသွားမှာပါ” ဟု အရှင် ဝီရသူက မိန့်ဆိုသည်။

ယင်းသို့ ကျောင်းထိုင် သံဃာတော်များကို ဖယ်ရှားခြင်းကိစ္စကို လာရောက် တွေ့ဆုံညှိနှိုင်းရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဖေဖော်ဝါရီအတွင်း အကြောင်းကြားစာ နှစ်ကြိမ် တိုင် ပေးပို့ ထားသော်လည်း မဟာသန္တိသုခ ကျောင်းထိုင် သံဃာတော်များက သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိပေ။

ထို့ကြောင့် မတ်လ ၆ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယက စုံညီ အစည်းအဝေး ပြုလုပ် ခဲပြီး ကျောင်းထိုင် သံဃာတော်များကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်မှာ ပီနန်ဆရာတော်က မူလပိုင်ဆိုင်သည်ဟု ဆိုသော်လည်း နိုင်ငံတော် သံဃမဟာနာယက ကမှု နိုင်ငံတော်ကသာ ပိုင်ဆိုင်ကြောင်း ထုတ်ပြန် ပြော ဆိုထားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန် ကြိုးပမ်းခြင်းကို ဝင်ရောက် ဖြေရှင်းပေးရန်အတွက် နိုင်ငံတော်သမ္မတ၊ သာသနာရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အစိုးရဌာနများသို့ မတ်လ ၂၇ ရက်နေ့တွင် မေတ္တာ ရပ်ခံစာ ပို့ထားပြီး ဖြစ်ကြောင်း မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များထံမှ သိရသည်။

The Voice

1 comment:

  1. ငါတို့တိုင်းပြည်မှာ လူဗိုလ်ချုပ်ရှိသလို၊ ဘုန်းကြီးဗိုလ်ချုပ်လည်းရှိတယ်ကွ။ စစ်တပ်က လယ်သိမ်းတယ်။ သံဃမဟာနာယက ကျောင်းသိမ်းတယ်။

    ReplyDelete