Sunday, March 16, 2014

ကုန်ပစ္စည်းများကို ကြော်ငြာရာတွင် အနုပညာရှင်များ တာဝန်ယူရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်

နိုင်ငံတကာတွင် စားသောက်ကုန်နှင့် ပစ္စည်းများကို ကြော်ငြာရာတွင် လုပ်ငန်းရှင်များသာမက ကြော်ငြာသော အနုပညာရှင်များ၊ မော်ဒယ်လ်များပါ တာဝန်ယူရသည့် အတွက် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကို ဖိတ်ကြား၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း စားသုံးသူ ကြိုတင် ကာကွယ်ရေး အသင်း (မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

“ကြော်ငြာတဲ့ မော်ဒယ်လ်ကပါ ကိုယ်ကြော်ငြာတဲ့ ကုန်ပစ္စည်းကို တာဝန်ယူရမယ်။ နိုင်ငံခြားမှာ တာဝန်ယူကြ တယ်။ ဒီမှာ တာဝန်မယူဘူး ဆိုရင် တာဝန်မဲ့ရာ ကျပါတယ်” ဟု ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။

အစားအစာများသာမက ဖျော်ဖြေရေး၊ ဖက်ရှင်၊ အလှကုန်၊ ဝန်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင်များ ကိုပါ စားသုံးခြင်းကြောင့် စားသုံးသူ အခွင့်အရေး အတွက် စားသုံးသူ ကာကွယ်ရေး ဥပဒေ ထွက်ရှိလာပါက ကြော်ငြာသူ မော်ဒယ်လ်များကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ အနုပညာရှင်များ မိမိ ကြော်ငြာသည့် ကုန်ပစ္စည်းကို တာဝန်ယူရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင် ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးလူမင်းကို The Voice က ဆက်သွယ်ရာ ခေါ်ဆို၍ မရခဲ့ပေ။

စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်း (မြန်မာနိုင်ငံ) သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က မှတ်ပုံတင် ရရှိထားပြီး စားသုံးသူ ကာကွယ်ရေး အတွက် ကျောင်းနှင့် ဈေးများတွင် အန္တရာယ်ရှိ အစားအစာများကို လိုက်လံ စစ်ဆေးခြင်းနှင့် စားသုံးသူ ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ပညာပေး ဟောပြောပွဲများ လုပ်ဆောင်လျက် ရှိသည့် အဖွဲ့ဖြစ်သည်။

“ကုန်ပစ္စည်းတွေကို ထုတ်လုပ် ဖြန့်ချိတဲ့ နေရာမှာ အရည်အသွေး ပြည့်မီအောင် စစ်ရမယ်။ ခွင့်ပြုချက်ရရင် သုံး သင့်တယ် ကောင်းတယ် ထင်ပြီး အနုပညာရှင်တွေက ကြော်ငြာ ပေးမှာပဲလေ။ ဖြန့်ချိခွင့် တင်သွင်းခွင့် ပေးတဲ့ နေရာတွေကို သတ်သတ်မှတ်မှတ် လုပ်သင့်တယ်” ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း အရည်အသွေး ကောင်း မကောင်းကို ဓာတ်ခွဲခန်းတွင် စစ်ဆေး၍ မရနိုင်သည့် အတွက် ယင်းကဲ့သို့ ဖြစ်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment