Tuesday, March 4, 2014

ဧရာဝတီမြစ်ကမ်းနံဘေး မောင်းကုန်းကျေးရွာရှိ ဂရိတ်ဝေါသကြားစက်နှင့် အီသနောစက်ရုံမှ စွန့်ပစ်ရေဆိုး အနံ့အသက်များကို ဒေသခံများ ဆိုးရွားစွာခံစားနေရ

Photo
ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော ဂရိတ်ဝေါစက်ရုံကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ အုပ်စုအတွင်းတည်ရှိသော ဂရိတ်ဝေါသကြားစက်ရုံနှင့် အီသနောစက်ရုံတို့မှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများကို ဧရာဝတီမြစ်အတွင်း စွန့်ပစ်ခြင်းနှင့် စက်ရုံဝန်း အတွင်းရှိ ရေဆိုးကန်များ၏ အနံ့အသက်များကို ပတ်ဝန်းကျင်ဒေသခံများ ဆိုးရွားစွာခံစားနေရကြောင်း သိရသည်။


ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ဆောက်ထားသော ဂရိတ်ဝေါစက်ရုံအုပ်စု၌ သကြားစက်၊ အီသနော၊ သစ်ပါးလွှာစက်ရုံတို့ လည်ပတ်လုပ်ကိုင်လျက်ရှိပြီး အဆိုပါစက်ရုံများမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် သစ်ပါးလွှာစက်ရုံမှ ထွက်ရှိသည့် သစ်တိုသစ်စများကို နေ့စဉ်မီးရှို့ဖျက်ဆီးခြင်းကြောင့် ပတ်ဝန်းကျင် တွင် သက်ရောက်မှုများစွာဖြစ်ပေါ်လျက်ရှိသည်ဟု မောင်းကုန်းကျေးရွာဝန်းကျင်မှ ဒေသခံများက ပြောကြားသည်။

"ကျွန်တော့်အိမ်နဲ့ သစ်ပါးလွှာစက်ရုံက ကိုက် ၃၀ လောက်ပဲ ဝေးတယ်။ သစ်တိုသစ်စတွေကို ကွင်းပြင် တစ်ခုမှာစုပုံပြီး နေ့စဉ်မီးရှို့ဖျက်ဆီးတာကြောင့် မီးခိုးငွေ့နဲ့အမှုန်အမွှားတွေ လွင့်လာတဲ့ဒဏ်ကို ခံရတယ်။ လွင့်စဉ် လာတဲ့ အမှုန်အမွှားတွေမှာပါလာတဲ့ သစ်စတွေက အ၀တ်အစားတွေ ကျန်တဲ့အစား အသောက်အသုံးအဆောင်တွေမှာ ကပ်ကုန်တယ်။ အ၀တ်တွေဝတ်ရင်ယားယံပြီး အဖုအပိန့်တွေ ထွက်လာ တယ်"ဟု မောင်းကုန်ဒေသခံ ကိုတင့်ဝေက ပြောပြသည်။

"ရေဆိုးကန်ရဲ့အနံ့က တော်တော်ဆိုးပါတယ်။ အခုချိန်က တောင်လေတိုက်နေတာမို့ သိပ်မသိသာပေမယ့် ကျန်တဲ့အချိန်ဆို အသက်ရှူလို့တောင် မရလောက်အောင် ဆိုးပါတယ်။ အဲဒီရေဆိုးကန်တွေက မြစ်ရေ တက်ချိန်ဆို မြစ်ရေပြင်နဲ့ တန်းတူဖြစ်သွားပြီး ဧရာဝတီမြစ်ထဲ ရောက်ကုန်တယ်။ နောက်ပြီး စွန့်ထုတ်တဲ့ ပိုက်လိုင်းကလည်း ဧရာဝတီမြစ်ထဲကို တစ်ချိန်လုံး သွန်ချနေပြီး အဲဒီပိုက်လိုင်း နားသွားကြည့်ရင်တောင် အနံ့အသက်က မခံနိုင်လောက်အောင်ဖြစ်နေတာ။ စွန့်ပစ်တဲ့ရေရဲ့အရောင်ကလည်း မည်းညစ်နေတာ အတိုင်းသားမြင်နိုင်ပါတယ်။ မြစ်ရေကို လူတွေအတွက်မပြောနဲ့ တိရစ္ဆာန်တွေအတွက်တောင် သုံးဖို့ မသင့်တော့ဘူး" ဟု ထီးချိုင့်ဒေသခံ ဦးမြင့်လှိုင်က ပြောပါသည်။         

Eleven Media Group

No comments:

Post a Comment