Tuesday, March 11, 2014

မြန်မာ့ကုန်သွယ်မှု မူဝါဒ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရုံးတွင် သုံးရက်ကြာ သုံးသပ်မည်

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ကုန်သွယ်မှု မူဝါဒများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ခြင်း လုပ်ငန်းစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အဖွဲ့ဝင် ၁၄ ဦးတို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ရုံးတွင် မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ကုန်သွယ်မှု မူဝါဒ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်က The Voice သို့ ပြောကြားသည်။

အဆိုပါ အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

“ပထမ တစ်ရက်မှာ ဒီ Trade Policy (ကုန်သွယ်ရေး မူဝါဒ) နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို WTO အဖွဲ့ဝင်နိုင်ငံ အားလုံးကို ဖြန့်ဝေထားပြီးသား။ ဒီအပေါ်မှာ အဖွဲ့ဝင် နိုင်ငံတွေက မေးခွန်းထုတ်ကြမယ်” ဟု ၎င်းက ရှင်းပြသည်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင် နိုင်ငံများ၏ မြန်မာ့ကုန်သွယ်မှု မူဝါဒအပေါ် ဆန်းစစ် မေးခွန်း ထုတ်မှုများကို ပြန်လည် စိစစ်ပြီးနောက် ပြန်လည် ဖြေရှင်းခြင်းနှင့် ပြန်လည် သုံးသပ်ခြင်းများကို ကျန်နှစ်ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဦးမြတ်ထွန်းကျော်က ပြောဆိုသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တွင် အဖွဲ့ဝင်ထားသော နိုင်ငံအားလုံးသည် ကုန်သွယ်မှု မူဝါဒ နှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှု ရှိရမည် ဆိုသည့် အချက်ကြောင့် ကုန်သွယ်ရေး မူဝါဒ ဆန်းစစ်ခြင်း (Trade Policy Review) ကို ပြုလုပ်ရလေ့ ရှိကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင် ပတ်သက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားလုံးသည် ကုန်သွယ်မှု မူဝါဒနှင့် စည်းမျဉ်း စည်းကမ်းများကို အတတ်နိုင်ဆုံး သိရှိနိုင်ရန် အခြေခံကျသော ပွင့်လင်းမြင်သာမှု ရှိရန် လိုသည့်အတွက် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်း (TPR) ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) က ဆိုထားသည်။

အာဆီယံဒေသတွင်း နိုင်ငံများတွင် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်း (TPR) ပြုလုပ်ရန် မြန်မာနိုင်ငံသာ ကျန်ရှိပြီး ကျန်ဒေသတွင်း ကိုးနိုင်ငံမှာ ပြုလုပ်ပြီး ဖြစ်သည်။

အဆိုပါ TPR လုပ်ငန်းစဉ်ကို စက်မှု ထွန်းကားသော ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ဥရောသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံတို့သည် ၂ နှစ်လျှင် တစ်ကြိမ် ပြုလုပ်လေ့ ရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများက လေးနှစ်လျှင် တစ်ကြိမ်နှင့် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများက ခြောက်နှစ်လျှင် တစ်ကြိမ် ပြုလုပ်ရန် သတ်မှတ် ထားသော်လည်း ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ (LDCs) များကိုမူ တိုင်းပြည် အခြေအနေကို မူတည်ကာ အချိန်ကန့်သတ် ထားခြင်းမျိုး မရှိကြောင်း WTO ၏ ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment