Monday, March 31, 2014

ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စောင့်ကြည့်ဆဲ၊ ပြည်ပတွင် ကုသရန် မဆုံးဖြတ်ရသေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ စောင့်ကြည့်နေဆဲ အဆင့်သာ ဖြစ်ပြီး ပြည်ပသို့ သွားရောက် ကုသရန်ကိုမူ မဆုံးဖြတ်ရသေးကြောင်း ဒီလှိုင်းဂျာနယ် အမှုဆောင် အယ်ဒီတာ မုံရွာအောင်ရှင်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက တစ်ဦးဖြစ်သူ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ၇၂ နာရီ စောင့်ကြည့်ရန် ဆရာဝန်က ညွှန်ကြားထားပြီး ယင်းနောက်မှသာ မည်သည့် နိုင်ငံသို့
သွားရောက် ဆေးကုသမည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
“ဆရာဝန်က စောင့်ကြည့်ဖို့ ပြောထားတယ်။ အဲဒါပြီးမှ လေယာဉ်စီးဖို့ အဆင်ပြေမလား ကြည့်ပြီး သူ့မိသားစုက ဆုံးဖြတ်မှာ” ဟု ၎င်းကဆိုသည်။
သတင်းစာဆရာကြီးလည်း ဖြစ်သူ ဦးဝင်းတင်၏ အခြေအနေမှာ အနည်းငယ် တိုးတက်မှု ရှိသော်လည်း စိုးရိမ်ရဆဲ ဖြစ်ကြောင်း၊ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၁ ဦးပါ အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ၂၄ နာရီ စောင့်ရှောက်ကုသနေကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။
အကယ်၍ ပြည်ပသို့ သွားရောက် ကုသမှု ခံယူမည် ဆိုပါက လိုအပ်သော နိုင်ငံကူးလက်မှတ်ကို အစိုးရက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
ဝိတိုရိယဆေးရုံတွင် ဆေးကုမှု ခံယူနေသော ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် အနေအထား ဖြစ်လာသည့်အတွက် မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ ကုသနေခြင်း ဖြစ်ကြောင်း၊ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ယနေ့ (မတ်လ ၃၀ ရက်) တွင် ဒေါ်အောင်ဆန်းစုကြည် လာရောက် မေးမြန်းမည် ဖြစ်ကြောင်း ဦးဝင်းတင် မိသားစုနှင့် နီးစပ်သူများက ဆိုသည်။
အသက် ၈၄ နှစ် အရွယ်ရှိ သတင်းစာဆရာကြီး ဦးဝင်းတင်မှာ ဆယ်စုနှစ် ၂ ခုဝန်းကျင် အကျဉ်းချ ခံထားရစဉ် ကျန်းမာရေး ချို့ယွင်းခဲ့ပြီး နှလုံးတွင် စက်တပ်ဆင်ထားရသူ ဖြစ်သည်။
ဦးဝင်းတင်သည် NLD ပါတီမှ ထုတ်ဝေလျက် ရှိသော ဒီလှိုင်းဂျာနယ်တွင် အကြံပေးအဖြစ်လည်း ဆောင် ရွက်လျက် ရှိသည်။

The Voice

No comments:

Post a Comment