Friday, March 7, 2014

အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် လုပ်ငန်းများ အကဲဖြတ်ရေး ဗြိတိန် ဒေါ်လာနှစ်သန်း ကူညီမည်

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်သည့် (Private - Public Partnership - PPP) စီမံကိန်းများနှင့် ဖက်စပ် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဗြိတိန် အစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီမည် ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ADB က သတင်း ထုတ်ပြန်သည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သော ဆက်သွယ်ရေး၊ လျှပ်စစ်၊ သဘာဝ သယံဇာတ၊ အိမ်ရာစီမံကိန်း၊ မြို့ပြ လေကြောင်းလိုင်း၊ ကုန်းလမ်းနှင့် လူထု ပို့ဆောင်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကပိုင်း၏ စိတ်ဝင်စားမှု မြင့်မားလာခြင်းနှင့် အစိုးရ၏ လုပ်ကိုင်နိုင်စွမ်း အကန့်အသတ် ရှိခြင်းကြောင့် အဆိုပါ စီမံကိန်းများကို အကဲဖြတ်ရန် ခက်ခဲကြောင်း ADB က ဆိုသည်။

PPP လုပ်ငန်းများ ဖွံ့ဖြိုးရန် လုပ်ဆောင်ခြင်း၊ PPP လုပ်ငန်းများ အတွက် လိုအပ်သည့် သတင်း အချက် အလက်များကို ရယူခြင်း၊ အဆိုပါ လုပ်ငန်းများတွင် ဖြစ်လာနိုင်ခြေ ရှိသည့် ငွေကြေး ဆုံးရှုံးမှု အန္တရာယ်များ ကို စီမံခန့်ခွဲခြင်းနှင့် နိုင်ငံတကာ တင်ဒါများ အတွက် စည်းမျဉ်း စည်းကမ်းများ ပိုမိုတိုးတက် ကောင်းမွန်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ADB ထုတ်ပြန်ချက်အရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခြေစိုက်သော ADB သည် ၁၉၆၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံ ပါဝင်၍ အာရှနှင့် ပစိဖိတ်ဒေသတွင်း စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment