Monday, March 24, 2014

အင်တာနက်ဘဏ်နှင့် မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှု လာမည့် ဘဏ္ဍာနှစ်အတွင်း စမည်

ပြည်ပမိုဘိုင်းလ် အော်ပရေတာများနှင့် ပြည်တွင်းဘဏ်များ အပြိုင်အဆိုင် ဝန်ဆောင်မှုပေးရန် ကြိုးပမ်းနေသော အင်တာနက် ဘဏ်စနစ်နှင့် မိုဘိုင်းလ်ဘဏ်စနစ်ကို ယူနိုက်တက် အမရာဘဏ် (UAB) က ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အလယ်တွင် ဝန်ဆောင်မှု ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း အဆိုပါဘဏ် Chief Operating Officer ဦးသန့်ဇင်က ပြောကြားသည်။


ဖုန်းမက်ဆေ့ခ်ျဖြင့် ငွေလွှဲပြောင်းခြင်း၊ အင်တာနက်ပေါ်မှ တစ်ဆင့် ဈေးဝယ်ခြင်း၊ ငွေလွှဲခြင်း စသည်တို့ကို ပြုလုပ်နိုင်မည့် အဆိုပါ ဝန်ဆောင်မှုများကို အကောင်အထည် ဖော်သည်မှာ UAT (User Acceptance Test) အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း မတ်လ ၂၃ ရက်က ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင် ပြုလုပ်သည့် UAB ဘဏ်နှင့် မီဒီယာများ တွေ့ဆုံ မိတ်ဆက်ပွဲတွင် Treasury Department မှ ဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောကြားသည်။

ပြည်တွင်းဘဏ်များက ဝန်ဆောင်မှု ပေးမည့် မိုဘိုင်းလ်ဘဏ်စနစ်နှင့် အင်တာနက် ဘဏ်စနစ်များကို သုံးရန် စိတ်ဝင်စားသော်လည်း လက်ရှိ အင်တာနက်လိုင်း၊ ဖုန်းလိုင်း အခြေအနေကြောင့် လွှဲပြောင်းသော ငွေများ ရောက်ရှိခြင်း ရှိ၊ မရှိ အချိန်မီ မသိရှိနိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဝန်ဆောင်ခ ပေးပြီး အသုံးမပြုချင်ကြောင်း စက်မှုအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးစိုးဝင်းသန်းက ပြောဆိုသည်။

“လက်ရှိ Network ပိုင်းကြောင့် သုံးရရင် အဆင်ပြေ၊ မပြေက ပြောလို့ မရဘူး။ စမ်းသပ်တဲ့ အနေနဲ့ ဝန်ဆောင်ခ မပေးရဘဲ သုံးကြည့်ရမယ် ဆိုရင် သုံးဖြစ်မယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ လာရောက် လုပ်ကိုင်ချိန်တွင် ပြည်တွင်း ဘဏ်များ အနေနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များ လုပ်ကိုင်ရန် တင်ပြထားသော ဝန်ဆောင်မှုများကို ခွင့်ပြုရန် လိုအပ်ကြောင်း၊ အရည်အသွေး ပြည့်မီသော ဘဏ်ဝန်ထမ်းကောင်းများ လိုအပ်နေသည့် ပြဿနာများကိုလည်း ဗဟိုဘဏ်က ကူညီ ဖြေရှင်းခြင်းများ လုပ်ဆောင်ပေးရန် လိုကြောင်း UAB ဘဏ် အမှုဆောင် အရာရှိချုပ် ဦးသန်းဝင်းဆွေက ဆိုသည်။

“ဘယ်လို ပုံစံမျိုးနဲ့ ခွင့်ပြုပေးမယ် ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ပြည်တွင်းဘဏ်တွေ ယှဉ်နိုင်အောင်တော့ ဗဟိုဘဏ်က လုပ်ကိုင်ခွင့်တွေကို ခွင့်ပြုပေးသင့်တယ်။ သူတို့ ဝင်လာမှ ခွင့်ပြုမယ်ဆိုရင် ယှဉ်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

ပြည်တွင်းတွင် မိုဘိုင်းလ်ဘဏ်စနစ်ကို သမဝါယမဘဏ်က စမ်းသပ် လုပ်ကိုင်ခွင့် ရရှိထားပြီး အေးဂျင့်ဖြင့် ငွေလွှဲပြောင်းနိုင်သည့် Myanmar Mobile Money ဝန်ဆောင်မှုကို အင်းဝဘဏ်က စတင် လုပ်ကိုင်လျက် ရှိသည်။
The Voice Weekly

No comments:

Post a Comment