Tuesday, March 11, 2014

ဗိုလ်မင်းရောင် အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့် လျှောက်လွှာ စတင်ခေါ်ယူ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၂) ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းမပေါ်ရှိ အခန်းပေါင်း ၈၀၀ ပါဝင်သော ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့်ကို ဧပြီလ ၁၁ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာ တင်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

တိုက်ခန်းများကို ဝယ်ယူလိုသူများ အနေနှင့် အင်ဂျင်နီယာဌာန အဆောက်အအုံတွင် ပြသထားသော လျှောက်လွှာ နမူနာ ပုံစံအတိုင်း ကိုယ်တိုင်ရေးသား လျှောက်ထားရန် လိုအပ်ပြီး ဗိုလ်ဗထူး အိမ်ရာကို ဝယ်ယူခွင့် လျှောက်ထားခဲ့သူများ လျှောက်ထားရန် မလိုကြောင်း၊ ဝယ်ယူလိုသူများ အနေနှင့် အရစ်ကျ ဝယ်ယူနိုင်သကဲ့သို့ ဘဏ်ချေးငွေဖြင့်လည်း ဝယ်ယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဗိုလ်မင်းရောင် အိမ်ရာတွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၅ လုံး၊ အခန်း အမျိုးအစား နှစ်မျိုး ပါဝင်ပြီး Type-A အခန်းအမျိုးအစား တစ်ခန်းလျှင် ၉၆၁ ဒသမ ၅ စတုရန်းပေ ကျယ်ဝန်းသော အခန်းပေါင်း ၁၆၀ နှင့် Type-B အခန်းအမျိုးအစားသည် ၆၁၈ စတုရန်းပေ ကျယ်မည့် အခန်းပေါင်း ၆၄၀ စုစုပေါင်း အခန်း ၈၀၀ ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ) က ထုတ်ပြန်သည်။ 

Type-A အခန်းအမျိုးအစား တစ်ခန်းလျှင် ကျပ်သိန်း ၃၇၄ ဖြင့် လည်းကောင်း၊Type-B အခန်းအမျိုးအစား တစ်ခန်းလျှင် ကျပ်သိန်း ၂၅၅ ဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ) ထံမှ သိရှိရသည်။

အဆိုပါ စီမံကိန်းတွင် အများပြည်သူ အပန်းဖြေ အနားယူနိုင်ရန် ပန်းခြံနှင့် ကလေးကစားကွင်း၊ ဈေးဝယ် စင်တာ၊ ဆေးရုံနှင့် အိမ်ရာစီမံကိန်းတွင် နေထိုင်သူများ လိုအပ်မည့် အခြေခံ အဆောက်အဦများ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 

“ဗိုလ်ဗထူးက ဈေးမြင့်တယ်လို့ ပြည်သူတွေ ပြောနေတဲ့အချိန်မှာ နောက်တစ်ခုကို ဒီဈေးနဲ့ပဲ ရောင်းတယ် ဆိုရင်တော့ ပြည်သူ့အသံကို နားမထောင်ဘူး လို့ပဲ ပြောချင်တယ်။ ပြည်သူအတွက် လုပ်တာဆိုရင် အတတ်နိုင်ဆုံးတော့ ပြည်သူ့အသံကို နားထောင်ပြီးတော့ လုပ်စေချင်တယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ထောက်ပြ ပြောကြားသည်။

အိမ်ရာစီမံကိန်းတွင် တိုက်ခန်း ဝယ်ယူရန် လျှောက်ထားလိုသူ၏ မိသားစု လစဉ်ဝင်ငွေ အနည်းဆုံး ကျပ်သုံးသိန်း ရှိရန် လိုအပ်ကြောင်း၊ အစိုးရဝန်ထမ်း ဖြစ်ပါက လုပ်သက် နှစ် ၂၀ နှင့် အထက်ရှိရမည် ဖြစ်ပြီး သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံချက် ပါရှိရန် လိုအပ်ကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

“အရင်တစ်ခေါက် ရောင်းတုန်းက လျှောက်လွှာ မတင်ဖြစ်လိုက်လို့ ဒီတစ်ခေါက် တင်ရင် ကောင်းမလားလို့ လာစုံစမ်းတာ၊ သူများတွေက ဈေးများတယ်လို့ ပြောပေမယ့် တန်ဖိုးမျှ အိမ်ရာလို့ ကြေညာထားတော့ အရမ်းမများဘူးလို့ ထင်တယ်။ တိုက်ခန်း ဝယ်ပြီးရင်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်မှာတော့ စိုးတယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ ဒေါ်မူမူမြင့်က ပြောကြားသည်။

ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လက စတင် ဆောင်ရွက်ခဲ့ပြီး မြေအရည်အသွေး စမ်း သပ်ခြင်း၊ မြေညှိခြင်း လုပ်ငန်းနှင့် အဆောက်အအုံ တည်ဆောက်ရန် ဖောင်ဒေးရှင်း စတင် ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment