Wednesday, March 5, 2014

မျက်နှာဖုံးစွပ်အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင် တိုင်းတရားရုံးကို စွဲချက်တင်အမိန့် ပြင်ဆင်တင်သွင်းခဲ့သည့် ကျူးလွန်သူများထဲမှ ရှစ်ဦးအား တိုင်းတရားရုံးက တရားရှင်လွှတ်ပေး

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင်  တိုင်းတရားလွှတ်တော်ရုံးသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင်တင်သွင်းခဲ့သည့် ၁၆ ဦးထဲမှ ရှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တွဲဖက်(၅) တရားသူကြီး ဒေါ်စိုးစိုးအောင်က တရားရှင် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

    
ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်ရုံးမှ တွဲဖက် (၅) တရားသူကြီး ဒေါ်စိုးစိုးအောင်က ဖေဖော်ဝါရီ ၂၁ ရက်တွင် စွဲချက်တင်အမိန့်ကို ပြင်ဆင်တင်သွင်းခဲ့သည့် ကျူးလွန်သူ ၁၆ ဦးထဲမှ ရှစ်ဦးအား  စွဲချက် မခိုင် လုံသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ တရားရှင်လွှတ်ပေးခဲ့ကြောင်း တိုင်းတရား ရုံးတွင် စွဲချက်တင်အမိန့်ကို ပြင်ဆင်တင်သွင်းသည့် ကိုယ်စားလှယ်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခင်သန်းအေးက ပြောကြားသည်။
    
စွဲချက်မခိုင်လုံသောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ အရ တရားရှင်လွှတ်ပေးခဲ့သူများမှာ မသီတာ၊ လှိုင်မျိုးဝင်း၊ မျိုးမင်းထွန်း၊ ကိုကျော်လွင်၊ မျိုးမြင့်ဦး၊ သော်က၊ သန့်ဇင်အောင်အပါအ၀င် ရှစ်ဦး တို့ဖြစ်ကြောင်း ရှေ့နေဒေါ်ခင်သန်းအေးက ပြောကြားသည်။
    
မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး (၂) က ကျူးလွန်သူ ၂၃ ဦးကို ကြိုတင်ကြံရွယ်သည့် လူသတ်မှု ပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂-၁ (ခ) နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ - ၃၄ တို့ဖြင့် စွဲချက်တင် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
    
စွဲချက်ပုဒ်မကို ကျူးလွန်သူ ၂၃ ဦးထဲမှ ၁၆ ဦးက မကျေနပ်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့  ပြင်ဆင်မှုတင်သွင်းခဲ့ကြောင်း သိရသည်။
    
ထိုသို့ တိုင်းတရားလွှတ်တော်ရုံးက အောက်တိုဘာ ၁၅ ရက်တွင် ကြားနာရန်အတွက် ယင်းအမှုတွဲကို တောင်းခံခဲ့ကြောင်း၊ ထို့ပြင် စွဲချက်အမိန့်ကို ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းသည့် ၁၆ ဦးဘက်မှ ရှေ့နေများနှင့် တိုင်းဥပဒေအရာရှိတို့က ဒီဇင်ဘာ ၁၂ ရက်တွင် နှစ်ဖက်လျှောက်လဲချက်များပေးခဲ့ကြောင်း သိရသည်။
    
ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ (၆) လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ရှိနေစဉ် "မင်းကကျော်မင်းလား" ဟု မေးကာ လူငါးယောက်မှ ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ အပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံခုတ်သတ်ခဲ့ကြောင်း  ရဲမှုခင်းစစ်ချက်များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment