Thursday, March 6, 2014

တရုတ်ဘူတာရုံတစ်ခု၌ အကြမ်းဖက်သမားများက လူများစွာသေဆုံး ဒဏ်ရာရစေခဲ့သည့် တိုက်ခိုက်ခဲ့ခြင်းအား မြန်မာအစိုးရ ပြင်းထန်စွာရှုတ်ချ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ရထားဘူတာရုံတစ်ခု၌ မတ် ၁ ရက် ညနေပိုင်းတွင် လူတစ်စုက ဓားများဖြင့် တိုက်ခိုက်မှုကြောင့် လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများ၏ အသိစိတ်မဲ့ ရက်စက်စွာ တိုက်ခိုက်ခဲ့ခြင်းအား မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြင်းထန်စွာရှုတ်ချသည်ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရနှင့် ပြည်သူများသည် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများနှင့်အတူ ယင်းသို့တိုက်ခိုက် ခံခဲ့ရသူများနှင့် မိသားစုများအတွက် အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ အမြန်ဆုံးပြန်လည် ကျန်းမာပါစေကြောင်း စသည်တို့ကို ဖော်ပြ ထားသည်။

ထို့ပြင် မြန်မာအစိုးရသည် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် တရုတ်အစိုးရ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့နှင့်အတူ နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု လည်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment