Monday, March 17, 2014

ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းရေး မဲဆန္ဒရှင်အချို့ ပြင်ဆင်

တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးအား ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုကို ကမကထ ပြုသည့် ကံပေါက်ဒေသ ဖွံ့ဖြိုးရေး ကွန်ရက်က ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသော ရေဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးသည် ကံပေါက်ဒေသ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လွှတ်တော်ကဏ္ဍတွင် သာမက ပြည်သူများနှင့် တွေ့ဆုံပြီး ဦးစီး ဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ယင်းသို့ ကန့်ကွက်ရန် ပြည်သူများ၏ သဘောထား လက်မှတ်များကို မတ်လ ၆ ရက်နေ့မှ စတင် စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းကွန်ရက်မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“၂၀၁၀ မဲလာဆွယ်တုန်းကတော့ အမတ်လောင်းဖြစ်ရင် လမ်းဖောက်ပေးမယ်။ မီးရအောင် လုပ်ပေးမယ် ပြောပြီးတော့ အခု ၂၀၁၄ ရောက်သွားပြီ ဘာမှ မဖြစ်လာဘူး” ဟု အထက်ပါ အဖွဲ့ဝင်က ဆိုသည်။

ကံပေါက်ဒေသတွင် အမှန်တကယ် လိုအပ်နေသည့် လမ်း၊ မီး စသည့် လိုအပ်ချက်များကို လွှတ်တော်တွင် တင်ပြပေးခြင်း၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနှင့် လာရောက် တွေ့ဆုံခြင်း ဆွေးနွေးပေးခြင်း မရှိခဲ့ဖူးဟု ကံပေါက်ဒေသ ဖွံ့ဖြိုးရေး ကွန်ရက်က ပြောကြားသည်။

ရေဖြူမြို့နယ် မဲဆန္ဒနယ် ပြည်သူများ၏ လက်မှတ်များကို ရနိုင်သမျှ စုဆောင်းသွားမည် ဖြစ်ပြီး လက်မှတ် ၁၅၀၀ ခန့် ရရှိနေပြီ ဖြစ်ကြောင်း အထက်ပါ ကွန်ရက်က ဆိုသည်။

ဦးဝင်းဦး ဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မူလ မဲဆန္ဒရှင်၏ ၁ ရာခိုင်နှုန်း ဖြစ်သည့် လက်မှတ် အရေအတွက် မည်မျှလိုမည်၊ လက်ရှိ ရရှိထားသည့် လက်မှတ်များတွင် မူလ မဲဆန္ဒရှင် မည်မျှ ပါသည်တို့ကို သိရှိနိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

“ပါတီကို တိုက်ခိုက်တာ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ၊ သူ့ကိုယ်ကျိုး စီးပွားကို ဆုတ်ယုတ်အောင် လုပ်တာ မဟုတ်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ဆောင်မှု အားနည်းလို့ပါ” ဟု အထက်ပါ အဖွဲ့ဝင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကို ဆက်သွယ်မေးမြန်းရာ မိမိအနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ကိုင်နေပြီး မဲဆန္ဒနယ် အတွင်းရှိ ရွာများအနက် ကံပေါက်ကို အများဆုံး ရောက်ကြောင်း၊ ဒေသခံများ အနေနှင့် သဘော မပေါက်သည့် အတွက် ယင်းသို့ လုပ်ကိုင်ခြင်း ဖြစ်နိုင်ကြောင်း ပြန်လည် ဖြေကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ရွာထဲက လမ်းကိစ္စလောက်ကို ဆွေးနွေး၍ မရဘဲ ယင်းကိစ္စမျိုးကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက တိုင်းလွှတ်တော် အတွင်းတွင် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ မိမိအနေနှင့် ရေဖြူမြို့နယ် အတွင်းရှိ ရေနက်ဆိပ်ကမ်း ကိစ္စ၊ စက်မှုဇုန် ကိစ္စများကို လွှတ်တော်အတွင်း မေးမြန်းခဲ့သကဲ့သို့ပင် ကံပေါက်လမ်းခင်းမည့် ကိစ္စကိုလည်း ကုမ္ပဏီကိုလည်း ပြောပေးဖူးကြောင်း ဦးဝင်းဦးက တုံ့ပြန် ပြောကြားသည်။

“လွှတ်တော် ကိုယ်စားလှယ် လုပ်ရတာ ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်း ရှိမှာပဲလေ။ ဒီလိုပဲပေါ့။ လူ တစ်သိန်း ရှိတာကို တစ်သိန်းလုံး ကျေနပ်အောင် မလုပ်နိုင်တာ ကျွန်တော်ညံ့လို့ပဲ ပြောကြပါစို့” ဟု ဦးဝင်းဦးက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုလျှင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသည့် လွှတ်တော် ကိုယ်စား လှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) တွင် ဖော်ပြထားသည်။

ယင်းတိုင်ကြားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့် အညီ စုံစမ်း စစ်ဆေးရမည် ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် အနေနှင့်လည်း ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စား လှယ်ဖြင့်သော် လည်းကောင်း ပြန်လည် ချေပခွင့် ရှိသည်။

(Dawei Watch
The Voice Weekly

No comments:

Post a Comment