Sunday, March 9, 2014

ဘိုးရင်းလေယာဉ် ၁၀ စင်းအား ငှားရမ်းခြင်းသာဖြစ်ပြီး လေယာဉ်များ၏ စုစုပေါင်းတန်ဖိုးသည် လေကြောင်းလိုင်းနှင့် မသက်ဆိုင်ကြောင်း မြန်မာ့လေကြောင်း ရှင်းလင်း

ပြည်တွင်းသတင်းဂျာနယ်တစ်စောင်တွင် ဆောင်းပါးအဖြစ် ဖော်ပြထားသည့် ဘိုးရင်းလေယာဉ် ၁၀ စင်းအတွက် ကွာခြားနေသော ဒေါ်လာသန်း ၃၀၀ နှင့် ပတ်သက်၍ အဆိုပါ ဘိုးရင်းလေယာဉ် ၁၀ စင်းသည် ငှားရမ်းခြင်းသာဖြစ်ပြီး လေယာဉ်များ၏ စုစုပေါင်းတန်ဖိုးမှာ လေကြောင်းလိုင်းနှင့် မသက်ဆိုင်ကြောင်း မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက မတ် ၈ ရက်က The Daily Eleven  သတင်းစာသို့ ရှင်းလင်းပြောကြားခဲ့သည်။

“မြန်မာ့လေကြောင်းက ဘိုးရင်းလေယာဉ် ၁၀ စင်းကို GECAS ကနေ ငှားရမ်း ပျံသန်းသွားမှာပါ။ အပိုင်ဝယ်တာ မဟုတ်ပါဘူး။ ၂၀၁၄ ဖေဖော်ဝါရီလက စင်ကာပူနိုင်ငံမှာ ဘိုးရင်းလေယာဉ် ၁၀ စင်းကို မြန်မာ့လေကြောင်းက ငှားရမ်းမယ်ဆိုတဲ့ သတင်းကို ဖော်ပြခဲ့တဲ့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဒီလေယာဉ် ၁၀ စင်းကို GECAS အပိုင် ၀ယ်ယူတဲ့ တန်ဖိုးကို အသီးသီးဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လေကြောင်းက ငှားရမ်းတဲ့ နှုန်းထား (တစ်စင်းကို ဘယ်လောက်နဲ့ ငှားတယ်။ ၁၀ စင်းအတွက် ဘယ်လောက် ကုန်ကျတယ်)ဆိုတာကို ဖော်ပြခဲ့တာ မဟုတ်ပါဘူး။ မြန်မာ့လေကြောင်းအနေနဲ့ ဘိုးရင်းလေယာဉ် ၁၀ စင်းကို အပိုင်ဝယ်မှာ မဟုတ်ဘဲ ငှားရမ်းမှာဖြစ်လို့ BBC, AFP ,TTGASIA  စတဲ့ မီဒီယာတွေ က ဖော်ပြတဲ့ ဒီလေယာဉ် ၁၀ စင်း ရဲ့ စုစုပေါင်း တန်ဖိုးက ကျွန်တော်တို့ မြန်မာ့လေကြောင်းနဲ့ သက် ဆိုင်ခြင်း မရှိဘူးဆိုတာကို ရှင်းလင်းပြောကြားလိုပါတယ်”ဟု မြန်မာ့လေကြောင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက မတ် ၈ ရက်က ပြောကြား ခဲ့သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာမှ စတင်ကာ တည်ထောင်ပျံသန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းအား နိုင်ငံတကာသို့ National Flag Carrier အဖြစ် ပျံသန်းပြေးဆွဲနိုင်ရန် အမေရိကန်နိုင်ငံအခြေစိုက်GE Capital Aviation Services မှကူညီရန် ကမ်းလှမ်းသည့်အတွက် မြန်မာ့လေကြောင်းမှ Boeing Project အစီအစဉ်အား ဆင့်ကဲတင်ပြပြီး နိုင်ငံတော်၏ ခွင့်ပြုချက်အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်က စင်ကာပူနိုင်ငံ၌ မြန်မာ့လေကြောင်းနှင့် General Electric(GE)  ၏လေယာဉ်ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲတစ်ခုဖြစ်သော GE Capital Aviation Services တို့သည် Boeing  လေယာဉ်သစ် ၁၀ စင်းအား ငှားရမ်းသည့် စာချုပ်အား ချုပ်ဆိုခဲ့သည်။

အဆိုပါစာချုပ်အရ GE Capital Aviation Services သည် Boeing 737-800  လေယာဉ်သစ်ခြောက်စင်းနှင့် Boeing 737 8MAX model  လေယာဉ်သစ် လေးစင်းအား ၂၀၁၅ ခုနှစ် ဇွန်မှစတင်ကာ ၂၀၂၀ ပြည့်နှစ်အတွင်း ငှားရမ်းသွားမည်ဖြစ်သည်။

မြန်မာ့လေကြောင်းသည် ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ နိုင်ငံတော်ဘတ်ဂျက်ပြင်ပတွင် ရပ်တည်ပြီး ၀င်ငွေရှာဖွေရခြင်းဖြစ်၍ ယခုငှားရမ်းမည့် ဘိုးရင်းလေယာဉ်များအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငှားရမ်းခြင်းမဟုတ်ဘဲ ဌာနပိုင်ဝင်ငွေဖြင့်သာ ငှားရမ်းခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှ  ယခုကဲ့သို့ ဘိုးရင်းလေယာဉ်များအား GECS မှ ငှားရမ်းသည့်အတွက် (GECS) သည် မြန်မာ့လေကြောင်းမှ ပိုင်းလော့၊ အင်ဂျင်နီယာနှင့် လေကြောင်းအမှုထမ်းများအား irline Strat- egy, Network Strategy, Fleet Strategy  နှင့် Airport Advisory စသည့် ကဏ္ဍလေးခုအောက်ရှိ ဈေးကွက်စီးပွားရေး IT နှင့် Network များအား ၁၈ လကြာ ပူးပေါင်းဆောင်ရွက် လေ့ကျင့်သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment