Sunday, March 30, 2014

စစ်တွေပဋိပက္ခ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် INGO နှင့် ဒေသခံများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူ များကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဦးဆောင် ပါဝင်ခဲ့သူများနှင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး ဖော်ထုတ်ရန်
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်း စစ်ဆေး ဖော်ထုတ်ရမည် ဖြစ်ပြီး အစီရင်ခံစာကို ဧပြီလ ၇ ရက်နေ့ထက် နောက် မကျစေဘဲ နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက် အစီရင်ခံရမည် ဖြစ်သည်။
စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပြည်နယ်အစိုးရ ကိုင်တွယ်ဖြေရှင်းမှု အားနည်း ခဲ့ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
အဆိုပါ ပဋိပက္ခ ဖြစ်ပွားစဉ်တွင် စစ်တွေမြို့၌ ရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော်နှင့် ကားများလည်း အဆင်သင့် ရှိခဲ့သော်လည်း ဆီမရှိသဖြင့် ပြဿနာ ဖြစ်ပွားမှုကို ဖြေရှင်းရန် သွားရောက်မှုတွင် နှောင့်နှေးခဲ့ကြောင်း ၎င်းကဆိုသည်။
“တစ်ဘက်က စွမ်းအင်ဝန်ကြီး ဌာနအနေနဲ့ စစ်တွေမှာ ဆီဂါလံသိန်းချီ စုပုံထားတယ်လို့ သိရတယ်။ ဒီလို ပေါင်းစပ်ညှိနှိုင်းမှု အားနည်းတာ တွေရှိခဲ့တယ်” ဟု ဦးရဲထွဋ်က ပြောဆိုသည်။
Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင် လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆန့်သဖြင့် ခါးတွင်ထိုးထားခဲ့သည်ဟု ဆိုကာ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ပြီး INGO အဆောက်အအုံများ ဖျက်ဆီးခံခဲ့ရသည်။
INGO ဝန်ထမ်းများ၏ ဘက်လိုက်မှု၊ အားနည်းမှု၊ ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များကို ကျူးလွန်ပါက တိုင်ကြားနိုင်သည့် လမ်းကြောင်းရှိသော်လည်း ဥပဒေမဲ့ လုပ်ရပ်များကို ပြုလုပ်ပါက နိုင်ငံ၊ လူမျိုး၊ ဘာသာတို့၏ ပုံရိပ်ကို ထိခိုက်စေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
INGO ဝန်ထမ်းများအနေနှင့်လည်း ဒေသ၏ ထိလွယ်ရှလွယ် ဖြစ်သည့် ကိစ္စရပ်များကို ရှောင် ရှားမည် ဖြစ်ကြောင်း၊ INGO များအနေနှင့် ဒေသခံ ပြည်သူလူထု၏ ယုံကြည့်မှုနှင့် ပူးပေါင်း ဆောင်ရွက် မှုကို ရရှိအောင် လုပ်ဆောင်နိုင်မှသာ လုပ်ငန်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ဘက်မလိုက်ဘူး ဆိုတာကို လူတွေ ယုံကြည်ဖို့ လိုတယ်။ လုပ်ငန်းတွေကို ပြည်သူတွေကို ရှင်းပြရမယ်။ ပွင့်လင်း မြင်သာမှု ရှိရမယ်။ လူအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံလို့ ရှိရင် သံသယတွေက လျော့ကျသွားမယ်။ အဲဒါဆို ဒီလိုမျိုး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ မရှိနိုင်ဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။
စစ်တွေတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အလံဖြုတ်ချခဲ့သည့် INGO ဝန်ထမ်း၏ လုပ်ရပ်၊ ပဋိပက္ခတွင် ဦးဆောင်သူ ပြစ်မှုကျူးလွန်သူ၊ အစိုးရ၏ ကိုင်တွယ်ပုံများကို စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် ဦးဆောင်သူ အချို့ကို မှတ်တမ်းတင်ထားသည့် အထောက်အထားများမှ တစ်ဆင့် ဖော်ထုတ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ရင်လှိုင်က တာဝန်ယူထားပြီး ယင်းအဖွဲ့တွင် လူပုဂ္ဂိုလ် စုစုပေါင်း ငါးဦး ပါဝင်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့လေးခုအထိ ရှိလာပြီ ဖြစ်သည်။

The Voice

No comments:

Post a Comment