Tuesday, March 4, 2014

မြိတ်ကျွန်းစု တောင်ပိုင်းကျွန်းများသို့ ကမ္ဘာလှည့်ခရီးသွား လည်ပတ်မှု များပြားလာ

ကော့သောင်းခရိုင် ဇာဒက်ကြီးကျွန်းအနီးရှိ မျောက်နီကျွန်းတွင် အပန်းဖြေနေသည့် ကမ္ဘာလှည့်ခရီးသွားများအား တွေ့ရစဉ်

မြိတ်ကျွန်းစု တောင်ပိုင်းဒေသရှိ ကျွန်းများသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှု များပြားလာနေပြီး နယ်မြေအနေအထားများအရ လှေပေါ်တွင် နေထိုင်သည့်စနစ်ဖြင့် လည်ပတ်မှု ပြုလုပ်နေကြောင်း သိရသည်။


မြိတ်ကျွန်းစုတောင်ပိုင်းရှိ ကျွန်းများမှာ လှပပြီး ရေကြည်လင်သောကြောင့် ခရီးသွားများ စိတ်ဝင်စားကြပြီး လန်ပိကျွန်းတန်းတစ်ဝိုက်အား ခရီးသွားများ ပိုမိုစိတ်ဝင်စားကာ ရေအောက်ရှုခင်းများ ကြည့်ရှုရန် ရေ ငုပ်ခြင်း၊ ဆလုံတိုင်းရင်းသားများကို လေ့လာခြင်း၊ လူများထိတွေ့ရခြင်း မရှိသေးသည့် ကျွန်းများ ရှိခြင်းကြောင့် ပိုမိုစိတ်ဝင်စားကြောင်း သိရသည်။

"ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ပို့ဆောင်ပေးရာမှာ လန်ပိကျွန်း ဧရိယာတစ်ဝိုက်ကို အဓိက ပို့ဆောင်ပေးရပါတယ်။ အများအားဖြင့် လေးညအိပ်ခရီးစဉ်တွေ အသွားများ ပါတယ်။ ထိုင်းနိုင်ငံသားတွေနဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေက လာရောက်လည်ပတ်မှု အများဆုံးပါ။ ကျွန်းတွေပေါ်မှာ ဟိုတယ်တွေမရှိသေးတာနဲ့ နယ်မြေအနေအထားတွေအရ Live aboard စနစ် (လှေပေါ် တွင် နေထိုင်သည့်စနစ်)နဲ့ ပို့ဆောင်ပေးနေရပါတယ်" ဟု Asia Whale ခရီးသွားနှင့် ပို့ဆောင်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ကိုဝင်းက ပြောကြားသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများအနက် ၁၁ ဒီဂရီ မျဉ်းအောက်ပိုင်းကျွန်းများမှာ ရေကြည်နှုန်းကောင်းမွန်ပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ကောင်းမွန်ကြောင်း ၁၁ ဒီဂရီမျဉ်း အထက်ပိုင်းကျွန်းများမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန်သာ သင့်တော်ကြောင်း သိရသည်။

"ဆင်ကျွန်းအောက်ဘက်ပိုင်းတွေကို ခရီးသွားတွေ အလာများပါတယ်။ ကျွန်တော်တို့လုပ်ငန်းက ပွင့်လင်း ရာသီလောက်ပဲ လုပ်ကိုင်ရပြီး မိုးရာသီရောက်လာရင် လှိုင်းလေအနေအထားနဲ့ ခရီးသွားဝင်ရောက်မှု အနေအထားတွေကြောင့် လုပ်ကိုင်လို့မရပါဘူး။ အခုလောလောဆယ် တစ်လကို တစ်ရာကျော်လောက်တော့ ၀င်ရောက်လည်ပတ်လာတာ ရှိပါတယ်။ အများအားဖြင့် ကော့သောင်းကပဲ ၀င်ရောက်ပြီး သွားလာ လည်ပတ်ကြတာပါ။ ကော့သောင်းအခြေစိုက် မြန်မာကုမ္ပဏီ လေးခုလောက်ရှိပြီး ထိုင်းနိုင်ငံကတော့ ကုမ္ပဏီ ၂၀ လောက် မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတယ်" ဟု ဦးဇော်ကိုဝင်း ကဆိုသည်။ ကမ္ဘာလှည့်ခရီးသွားများမှာ လှေအစီးလိုက်ငှားရမ်း၍ သွားလာလည်ပတ်လေ့ရှိပြီး လှေအရွယ်အစားအလိုက် ခရီးသွားခုနစ်ဦးမှ ၃၀ ဦးအထိ လိုက်ပါလေ့ရှိကြောင်း သိရသည်။  မြိတ်ကျွန်းစုအတွင်း လည်ပတ်ရာတွင် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၈၀၀ ခန့် ၀န်ဆောင်ခရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment