Tuesday, March 4, 2014

ခင်မွန်ကျေးရွာ တောင်သူ လယ်သမားများ စုပေါင်း၍ ပထမအကြိမ် နွားအလှနှင့် လှည်းယဉ်ကျော့ ပြိုင်ပွဲကျင်းပ

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမှ တောင်သူလယ်သမားများ စုပေါင်း၍ ပထမအကြိမ် နွား အလှနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲကို ခင်မွန်ကျေးရွာ တောင်ဘက် မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးတွင် မတ်လ ၂ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

‘‘တောင်သူလယ်သမားနေ့ ဂုဏ်ပြုကျင်းပတာ ပထမအကြိမ်ပါ။ ဒီနေ့ကျင်းပတဲ့ နွားငယ်ကြိုး အကျော့မောင်းပြိုင် ပွဲမှာ နွားငယ် ၂၂ ကောင် ၀င်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြိုင်ပွဲအမျိုးအစား လေးမျိုး ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပရက်ကတော့ မတ်လ ၂ ရက်ကနေ ၇ ရက်အထိ ကျင်းပဖို့ လျာထား ပါတယ်’’ဟု နွားအလှနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလင်းက ပြောသည်။

‘‘ခရိုင် လေးခရိုင်အတွင်းက နွားဝါသနာရှင်တွေ လာရောက်ယှဉ်ပြိုင်ကြတာပါ။ တောင်သူတွေ ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ပွဲဖြစ်သလို ခရိုင်လေးခရိုင်အတွင်းက တောင်သူတွေ နွားပြိုင်ပွဲမှာ တွေ့ကြ၊ ဆုံကြ နှီးနှော ဖလှယ်ကြတဲ့ပွဲပါ။ တောင်သူအချင်းချင်း စိုက်ပျိုးရေးကဏ္ဍ၊ ကျေးရွာတစ်ရွာနဲ့ တစ်ရွာ ရင်းနှီးမှုတွေကအစ ဆွေးနွေးဖြစ်ခဲ့ကြတယ်’’ဟု အဆိုပါ ပြိုင်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းမွှေးကပြောကြားသည်။

ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် နွား အလှနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲသို့ ရွှေဘို၊ စစ်ကိုင်းခရိုင်အတွင်းမှ အငယ်တန်းနွားပြိုင်ပွဲတွင် နွားအကောင် ၃၀ ခန့်၊ နွားအလတ်တန်းပြိုင်ပွဲတွင် နွားအကောင်ရေ ၂၀ ခန့်၊ နွားအကြီးတန်းပြိုင်ပွဲတွင် နွားအကောင်ရေ ၃၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မတ်လ၂ ရက်တွင် အငယ်တန်း(ကြိုးအကျော့ပြိုင်ပွဲ)၊ မတ်လ ၃ ရက်တွင် အငယ်တန်းလှည်းယဉ်ကျော့ပြိုင်ပွဲ၊ မတ်လ ၄ ရက် တွင် အလယ်တန်းလှည်းယဉ်ကျော့ပြိုင်ပွဲ၊ မတ်လ ၅ ရက်တွင် အကြီးတန်း လှည်း ယဉ်ကျော့ပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။

Author: မျိုးမင်းဦး
7day Daily

No comments:

Post a Comment