Sunday, March 16, 2014

သီလဝါ အများပိုင် ရှယ်ယာ ခုနစ်သိန်းခန့် အဆိုပြုလွှာ လက်ခံ ရရှိထားဟုဆို

မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာ များကို ယခုနှစ် မတ်လ ၃ ရက်နေ့က စတင် ရောင်းချချိန်မှ စပြီး မတ်လ ၁၃ ရက်နေ့အထိ ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာပေါင်း ခုနစ်သိန်းခန့် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ရှယ်ယာ တစ်ခုကို ကျပ်တစ်သောင်းဖြင့် ရောင်းချရန် စီစဉ်ထားပြီး ရှယ်ယာပေါင်း ခုနစ်သိန်းခန့်၊ ကျပ်ငွေ သိန်းပေါင်း ခုနစ်သောင်းခန့်ကို ဝယ်ယူရန် ရှယ်ယာ အဆိုပြုသူပေါင်း ငါးထောင်ကျော် ရှိကြောင်း ၎င်းက ဆိုသည်။

ရှယ်ယာ အနည်းစု ဝယ်ယူသူများကို ဦးစားပေး ရောင်းချမည် ဖြစ်သည့် အတွက် ရှယ်ယာအများ ဝယ်မည့် သူများကို အချိုးကျ စနစ်ဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။

“ဒီရှယ်ယာက မြတ်မလား၊ ရှုံးမလား ဆိုတာ သေချာမသိဘူး။ ဝယ်ဖို့တော့ စိတ်ဝင်စားတာ အမှန်ပဲ။ အစိုးရကိုယ်တိုင် ပါတဲ့ အတွက်ရယ်၊ အကြီးဆုံး စီမံကိန်းကြီး တစ်ခု ဖြစ်တာကြောင့်ရယ် ဝယ်ဖို့တော့ စဉ်းစားထားတယ်” ဟု လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရှယ်ယာ ဝယ်ယူရန် အဆိုပြုလွှာကို ယခုနှစ် ဧပြီလ ၉ ရက်နေ့ အထိ ခွင့်ပြုထားပြီး ရှယ်ယာ ဝယ်ယူနိုင်ခြင်း ရှိ၊ မရှိကို ဧပြီလ ၂၅ ရက်နေ့တွင် အသိပေးသွားမည် ဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်းချုပ် ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။

အဆိုပါ ကုမ္ပဏီမှ အစုရှယ်ယာပေါင်း ၂ ဒသမ ၁၄၅ သန်းကို ရောင်းချမည် ဖြစ်ပြီး ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့တွင် သတ်မှတ်ထားသည့် (ဘဏ်ခွဲပေါင်း ၄၀၀ ကျော်တွင်) ရှယ်ယာ ဝယ်ယူရန် အဆိုပြုလွှာကို ရယူကာ အဆိုပြုနိုင်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ရှယ်ယာအမြတ် ဝေစုကို ခွဲဝေပေးရာတွင် သီးသန့် ရန်ပုံငွေနှင့် အနာဂတ် စီမံကိန်းများ အတွက် ချန်လှပ်ပြီး ကျန်အမြတ်ငွေ ကိုသာ ခွဲပေးသွားမည် ဖြစ်သောကြောင့် နှစ်ရှည် ရင်းနှီးမြှုပ်နှံနိုင်ရန် လိုအပ်ပြီး အမြတ်ငွေထက် ရှယ်ယာတန်ဖိုး မြင့်တက်ခြင်းကို အဓိက မျှော်ကိုး၍ ဝယ်ယူရန် လိုကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment