Thursday, March 13, 2014

အခွန် မဆောင်ရသေးသည့် ကုမ္ပဏီများစာရင်း ယခု သီတင်းပတ် အပြီးထုတ်ပြန်မည်

မှားယွင်း ထုတ်ပြန်ခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် အခွန် မဆောင်ရသေးသော ကုမ္ပဏီများ စာရင်းကို ယခု သီတင်းပတ် အတွင်း အပြီး ပြန်လည် ထုတ်ပြန်မည် ဖြစ်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

အခွန်စည်းကြပ်မှု မခံရသေးသည့် ကုမ္ပဏီများ စာရင်းကို ယခုနှစ် မတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ကွန်ပျူတာစာရင်း မှားယွင်းမှုကြောင့် အခွန် ထမ်းဆောင်ပြီးသည့် ကုမ္ပဏီများ ပါဝင်နေသည့် အတွက် စာရင်း ပြန်လည် ပြုစုလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

“အချိန်မီ လုပ်ဖို့ လိုတာကြောင့် အလျင်စလို လုပ်ရာမှာ ကွန်ပျူတာ ချို့ယွင်းမှုကြောင့် စာရင်းကို သေချာ ပြန် မစစ်လိုက်နိုင်ဘူး။ ဒါပေမဲ့ စာရင်းအမှန်ကို ဒီတစ်ပတ်အတွင်း အပြီးထုတ်ပြန်သွားမယ်” ဟု ၎င်းကဆိုသည်။

ကုမ္ပဏီ စာရင်းများ မှားယွင်းစွာ ဖော်ပြခဲ့သည့် အတွက် ကုန်သွယ်မှု (ထရိတ်ဒင်း) လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ လုပ်ငန်းအချို့ လုပ်လက်စ အလုပ်များကို ရပ်ဆိုင်းခဲ့ရသည့် အဖြစ်များ ရှိကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“သူတို့ ထုတ်တဲ့ စာရင်းထဲမှာ ကုမ္ပဏီနာမည် ပါလာတော့ အခွန် မဆောင်ရသေးဘူး ဆိုပြီး အရှုပ်အရှင်း ဖြစ်မှာ စိုးလို့ တခြားကုမ္ပဏီ နာမည် ပြောင်းရတာတွေလည်း ရှိသလို တချို့ကတော့ အလုပ်ခဏ ရပ်နားထား တာမျိုး ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

မှားယွင်း ဖော်ပြခဲ့သည့် အခွန် မဆောင်သည့် စာရင်းတွင် နာမည်ကျော် ဘဏ်များလည်း ပါဝင်ပြီး အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

အခွန် မဆောင်သည့် စာရင်းတွင် ပါရှိသော ကုမ္ပဏီများ အနေနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးကို ဆက် သွယ်ကာ အခွန်စည်းကြပ်မှု ခံယူရန် လိုပြီး ပျက်ကွက်ပါက အရေးယူမည် ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် အခွန်စည်းကြပ်မှု မခံရသေးသည့် ကုမ္ပဏီပေါင်း ၁၃၀၅ ခုကို ထုတ်ပြန်ထားပြီး ယခင် မှားယွင်း ဖော်ပြမိသော ကုမ္ပဏီ ၁၄ ခုကို ပယ်ဖျက်ပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment