Tuesday, March 4, 2014

တာလီဘန်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု ပါကစ္စတန် ကြေညာ

တာလီဘန်စစ်သွေးကြွများက ပါကစ္စတန် အစိုးရနှင့် တစ်လကြာ အပြန်အလှန်အပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့ပြီးနောက် တစ်ရက်တွင် ၎င်းတို့အား လေကြောင်းမှ တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ကြေညာ ခဲ့သည်ဟု မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တိုးတက်မှုမရှိခြင်း၊ တာလီဘန်တို့ဘက်က တိုက်ခိုက်ခြင်းတို့ကြောင့် ၀ါဇီရစ္စ တန်နှင့် ခိုင်ဘာ လူမျိုးစုဒေသ များတွင် ယခင်လအတွင်းက ပါကစ္စတန်အစိုးရက လေကြောင်းမှ တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည်။ ထိုလေကြောင်း တိုက်ခိုက်မှုများအတွင်း လူပေါင်းဒါဇင်နှင့် ချီပြီး သေဆုံးခဲ့ကြသည်ဟု စစ်ဘက်အရာရှိများက ပြောသည်။

တာလီဘန်တို့ဘက်က အကန့်အသတ်မဲ့ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် အစိုးရကလည်း လေကြောင်း တိုက်ခိုက် မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး ချောက်ဒရီနီစာ အာလီ ခန်းက ပြောသည်။

စနေနေ့က အပြစ်အခတ်ရပ်စဲခြင်းကို ကြေညာခဲ့စဉ်က အစိုးရဘက်မှလည်း အပြုသဘောဆောင်သော တုံ့ပြန်မှုတစ်ခုခု လိုချင်ကြောင်း တာလီဘန်ပြောခွင့်ရ ရှဟီဒူလာရှဒီက ဆိုသည်။ တာလီဘန်များဘက်က အကြမ်းဖက်မှုများရပ်တန့်ရန် ဆုံးဖြတ် ချက်သည် အပြုသဘောဆောင်သော တိုးတက်မှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြည်ထဲရေးဝန်ကြီးက ကြေညာချက်တွင် ဖော်ပြ ထားသည်။

သို့သော် အစိုးရနှင့် စစ်တပ်အနေဖြင့် အကြမ်းဖက်မှု လုပ်ရပ်မှန်သမျှကို တုံ့ပြန်သွားရန် အခွင့်အရေးရှိ သည်ဟု ၎င်းကထည့် သွင်းပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တိုက်ခိုက်မှုများဖြစ်ပေါ်မှသာ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးက ပြောဆိုပြီး လက်ရှိအစိုးရသည် ပြီးခဲ့သည့်နှစ် ဇွန်လအာဏာရချိန်ကစပြီး မည်သည့်စစ်ရေး လှုပ်ရှားမှုများကိုမျှ မပြုလုပ်ခဲ့ကြောင်း ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment