Tuesday, March 4, 2014

ပြည်သူ့ အာဏာ ပြန်ပေးပါ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံ တစ်နိုင်ငံ၏ ကျောက်တိုင်၊ ကြေးမုံ စသည်ဖြင့် ပညာရှင် အမျိုးမျိုးက ဂုဏ်ယူစွာ တင်စားခဲ့ကြသည်။ ထိုသို့ ကျောက်တိုင် ဖြစ်သော ကြေးမုံဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံနှင့် နိုင်ငံသား တို့ အကျိုးစီးပွားကို မြှင့်တင် ကာကွယ် ပေးပါမှ ရှည်ကြာစွာ တည်တံ့ ခိုင်မြဲတတ် သည်ကို  ကမ္ဘာ့ နိုင်ငံရေး ဖြစ်စဉ်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သမိုင်းဖြစ်စဉ် များက ညွှန်ပြ နေသည်။ ကျွန်တော် တို့ နိုင်ငံသည် ပင်လျှင် ၁၉၄၇ ဖွဲ့စည်းပုံ က ၁၉၆၂ တွင် လည်းကောင်း၊ ၁၉၇၄ ဖွဲ့စည်းပုံ က ၁၉၈၈ တွင် လည်းကောင်း နိဂုံး မလှစွာများဖြင့် အဆုံးသတ် ခဲ့ရလေသည်။


၁၉၆၂ ခုနှစ်မှ  ၁၉၇၄  ခုနှစ် ထိသည်လည်း ကောင်း၊ ၁၉၈၈ ခုနှစ်မှ သည် ၂၀၁၁ ခုနှစ်အထိ သည် လည်းကောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမဲ့ တိုင်းပြည် အဖြစ် ရှင်သန် ရပ်တည် ခဲ့သည်။ ဆိုရလေ လျှင် လွတ်လပ်ရေး ရပြီး ၆၅ နှစ်တာ ကာလ အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြင့် နေထိုင် နိုင်ခဲ့သည် မှာ ယခု အချိန်အထိ ၂၉ နှစ်ဝန်း ကျင် သာဖြစ်ပြီး ကျန် ၃၆ နှစ်တာ ကာလသည် အာဏာ ရှင်စနစ်ဖြင့် သာ ရင်းနှီး ကျွမ်းဝင် ခဲ့ရသည်။ ဤသည့် နေရာတွင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သည် တစ်ပါတီ ကြီးစိုးမှုဖြင့် တံခါးပိတ် ၀ါဒ ကျင့်သုံးသည် ဖြစ်သည့် အတွက် ထိုဖွဲ့စည်းပုံ ရှင်သန်ရာ ၁၃ နှစ်ကို ထပ်နှုတ် လျှင်မြန်မာနိုင်ငံ သားတို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အကာ အကွယ် အောက် အမှန် ရှင်သန် ခဲ့ကြရသည် မှာမရှိ သလောက် နည်းပါး ခဲ့လေသည်။

မည်သည့် မြန်မာနိုင်ငံသားမျှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက် သက်တမ်း စေ့အောင် မရှင်သန် ခဲ့ဖူးကြပေ။ အုပ်ချုပ်သူ များ အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြင့် စနစ်တကျ စုဖွဲ့အုပ်ချုပ်မှု စွမ်းရည် လည်း မရှိသ လောက် နည်းပါး ခဲ့ရသည်။ က၊ွမ်းကျင် သော အုပ်ချုပ်မှု သည် အာဏာ ဗဟိုပြု အုပ်ချုပ်နည်း ပင်ဖြစ်သည်။ ထို့ အတွက် လည်း အစိုးရ အဖွဲ့အတွင်းပင် လျှင် ပြည်သူကို ထမင်းတစ်နပ် လျှော့စား ခိုင်းသူ၊ နယ်လှည့် ပါးရိုက်နိုင်သူ၊ တရုတ်ကို ကြောက်ရသူ စသည်တို့ဖြင့် စုဖွဲ့ထား ရခြင်း ဖြစ်သည်။ ဤသို့သော အနေ အထားများစွာ ဖြစ်တည် နေပါလျှက် အချို့သော ပညာရှင်များ က ပြည်သူ ကိုပင် အပြစ်မြင်ပြီး ပြည်သူ တို့ကပင် အသိအမြင် နည်းပါး သယောင် ဗောင်းစတစ် လူလူ အလံထူ နေကြပြန်သည်။

ယခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တွင်ပင် လေ့လာကြည့်ပါ။ ရေးဆွဲစဉ် ကလည်း ပြည်သူ့ အသံကို နားမထောင် ခဲ့ပါဘဲ ရေးဆွဲ ခဲ့သည်။ အတည်ပြု တော့ လည်း အငြင်းပွား ဖွယ် ဇွတ်လုပ် ခဲ့သည်။ ပြင်ဆင်ရေး တွင်လည်း ယခု အချိန် အထိ ပွင့်လင်းမြင်သာမှု လွန်စွာ အားနည်း နေပြန်သည်။ ပြည်သူများစွာ က ပြင်ဆင်ရန် အဓိက တောင်းဆို နေကြသော ပြဋ္ဌာန်းချက် များကို အဓိက ထား မပြင်နိုင် ကြောင်း လှည့်ကာ ပတ်ကာ ကစားနေကြ သည်။ ““စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း များရဲ့ အခန်း ကဏ္ဍကို အလေးထား ဖို့လိုအပ် ပါတယ်။ စာနယ်ဇင်းများ က တစ်ဆင့် ပြည်သူတွေ သိသင့်တဲ့ အချက်များကို အသိပေး သွားဖို့ လိုသလို စာနယ်ဇင်းများ က အပြု သဘော ဆောင် အကြံပြုချက် များကိုလည်း အလေးထား ဖို့ လိုအပ် မှာဖြစ်ပါတယ်””ဆိုသည့် ၃၁.၃.၂၀၁၁ ရက်နေ့ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်း အဝေး ၁၉ ရက်မြောက်နေ့ တွင် ပြောကြား ခဲ့သည့် နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း သည် အဟော သိကံ ဖြစ်သွား လေသည်။

ကျွန်တော်တို့ အနေဖြင့် အပြု သဘောဆောင် အကြံ ပြုရန် တိကျသော သတင်းအချက် အလက်များကို သတင်းစာ များနှင့် စာနယ်ဇင်း များတွင် ရှာဖွေ စောင့်ဖတ်ငြား သော်လည်း တိပသည့် ကြေညာချက် ထွက်မလာ ခဲ့သည်က အံ့သြဖွယ် ကောင်းပေသည်။ ထွက်ပေါ် သမျှ ကြည့်ပြန် တော့လည်း ပြည်သူ့ ဆန္ဒနှင့် အဟကြီး ဟနေပေသည်။ သိရ သလောက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ ထုတ်ပြန်ချက် အရ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကြံပြုချက် ပေါင်း (၃၂၃၁၁၀) ရှိသည် ဆိုကြောင်း၊ အခန်း(၁) ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃) ပုဒ်မ ၅၉(စ) နှင့် အခန်း (၁၂) ပုဒ်မ ၄၃၆၊ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈၊ အခန်း (၁၄) ပုဒ်မ ၄၄၅ တို့ကို မပြင်ဘဲ ထားရှိရန် အကြံပြု သူပေါင်း ၁၀၆၁၀၂ ဦးမှ စုစည်း လက်မှတ် ရေးထား ပါကြောင်း၊ ပုဒ်မ ၅၉(စ) အား မူလ ပြဋ္ဌာန်းချက် ကို ပယ်ဖျက်၍ ပြင်ဆင် ပေးရန် ၅၉၂ ဦးမှ သီးခြား အကြံပြု ချက် ပေးပို့ထားပါ ကြောင်း၊ ပုဒ်မ ၄၃၅၊ ၄၃၆ အား မူလပြဋ္ဌာန်းချက် ကို ပြင်ဆင် ပေးရန် ၅၄၃ ဦးမှ သီးခြား အကြံပြုချက် ပေးပို့ထား ပါကြောင်း နှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းရေး ဆွဲရေး ကော်မတီကို ကော်မတီဝင် ၃၁ ဖြင့် ဖွဲ့စည်း ထားသည် ဆိုတာ လောက်သာ ဖြစ် သည်။

နိုင်ငံပိုင် သတင်းစာများ တွင် ဂေါက်သီး ရိုက်ရာတွင် တစ်ချက်တည်း ကျင်းဝင် ဆိုသော သတင်းများ ကိုပင် ဖော်ပြ ပေးနိုင်ပါလျက် နှင့် နိုင်ငံနှင့် ပြည်သူတို့ အတွက် အသက် တစ်မျှ အရေးပါသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စ တွင် အသေးစိတ် အဘယ်ကြောင့် မတင်ပြ နိုင်ရပါ သနည်း။ ပြည်သူတို့၏ အသံကို ကြောက်၍ လော၊ ပြည်သူ တို့ ဘာမှ သိမည် မဟုတ်ဟု ယူဆနေ၍လော အတွေးပွား မိစေသည်။ ““မိဘပြည်သူများ ခင်ဗျာ””ဆိုသည့် သမ္မတ ကြီး၏ မိန့်ခွန်း အာလုပ်သံ သည် ကြားကောင်းရုံ ခေါ်တာ မဟုတ်ပါဘဲ ပြည်သူသည် သာ အုပ်စိုးသူ တို့၏ မိဘဟု ယူဆ ထားပါလျှင် ထိုသည့် မိဘများကို ကောင်းကျိုး ဆိုးပြစ် ပွင့်လင်းစွာ တိုင်ပင်ပြီး ထိုသည့် မိဘများ၏ ဆိုဆုံးမမှု ကို အုပ်စိုးသူ တို့ နာခံကြ ရပေမည်။

မပြင်လိုဘူး ဟု အဆိုရှိသည့် ထိုပြဋ္ဌာန်းချက်များ ကို မည်သည့် အကျိုး၊ မည်သည့် အပြစ်ကြောင့် မပြင်လိုကြ သည်ကို ပွင့်လင်း မြင်သာမှုရှိစွာ ဆွေးနွေးကြဖို့ လိုပါလိမ့် မည်။ ထိုမပြင် လိုဟူသော အရာများ နောက်ဝယ် မည်သည့် အရာများ ရှိနေသည်ကို လေ့လာကြည့်ပါမည်။

ဦးစွာ မပြင်လိုပါ ဟု ဆိုလာသည့် အခန်း (၁) ပုဒ်မ ၆(စ) သည် ““နိုင်ငံတော် သည် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်””ဆိုသည့် ပြဋ္ဌာန်းချက် ဖြစ်သည်။ မည်သည့် အတွက်ကြောင့် မပြင်နိုင် ကြပါနည်း။ ထိုပြဋ္ဌာန်း ချက်သည် အခြားနှင့် မဆိုထားဘိ၊ ၄င်း၏ အထက်ကပ် လျက်တွင် ပင်ရှိနေသော ပုဒ်မ ၆ (င) ပါ ““နိုင်ငံတော် သည် နိုင်ငံတော် ၌ တရား မျှတခြင်း၊ လွတ်လပ်ခြင်း၊ နှင့် ညီမျှခြင်း တည်း ဟူသော လောကပါလ တရားများ ပိုမို ထွန်းကားရေးကို အစဉ်တစိုက် ဦးတည်သည်”” ဆိုသည့် ပြဋ္ဌာန်းချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပေသည်။ ဥပဒေ စကားဆိုရလျှင် ရှေ့နောက် စကားရပ် တို့ မညီဖြစ်နေသည်။

အမှန်အား ဖြင့်ဆိုလျှင် တပ်မတော် သည် ပြည့်သူ နှင့် နိုင်ငံတော်ကို ကာကွယ် ပေးရမည့် ကာကွယ်ရေး အဖွဲ့အစည်း တစ်ရပ်သာ ဖြစ်သည်။ အခြားသော သီးခြား ရပိုင်ခွင့်များစွာ ပေးထား သည့် (ဥပမာ- ထူးခြားသော လုပ်ငန်း သဘောသဘာဝ အရဟုဆိုကာ အခြား ၀န်ထမ်း များနှင့် မတူသော ခံစားခွင့်များ ပေးထားသည်။) ထို အဖွဲ့အစည်း ကိုသာ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင် ရေးခွင့်ပြုပြီး အခြားသော အဖွဲ့ အစည်းများ ကို ထိုအခွင့် သတ်မှတ်ချက် မပေးပါမူ နိုင်ငံ တော်၌ တရား မျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဆိုသည့် ပုဒ်မ ၆(င) သည် လိမ်လည်ရုံ ရည်ရွယ်ပြီး ပြဋ္ဌာန်း ထားသကဲ့ သို့ဖြစ်သွား ပေမည်။ ဤသို့ဆို လျှင် ပုဒ်မ ၆(စ) ကို မပြင်ဘဲ ၄င်းနှင့် ဆန့်ကျင်နေ သည့် ပုဒ်မ ၆(င) ကို ဖျက်သိမ်းပြီး နိုင်ငံကို လောကပါလ တရားများ ဆိတ်သုဉ်း အောင် ပြုလုပ်ဖို့ ကြံစည် နေကြ ခြင်းတော့ မဖြစ်တန်ရာ။

ထို ပုဒ်မ ၆(စ) ကို ထပ်မံ စဉ်းစားပါဦးမည်။ ပုဒ်မ ၄ တွင် ““နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံ တစ်ဝန်းလုံး၌ တည်သည်””ဆိုသည့် ပြဋ္ဌာန်းချက်နှင့် လည်း မကိုက်ညီ ဖြစ်နေသည်။ မူလ အချုပ်အခြာ အာဏာသည် နိုင်ငံသား များထံတွင်သာ ရှိရမည်။ ထိုနိုင်ငံသားများ က တစ်ဆင့်ခံ အာဏာ လွှဲအပ် ပေးထားမှသာလျှင် ထိုသူ အနေဖြင့် အာဏာ ပိုင်ရပေမည်။ ထိုအာဏာပိုင်ပြည်သူများက မိမိတို့အား ဦးဆောင်မည့် ဦးဆောင်မှု အခန်း ကဏ္ဍကို မိမိတို့ အလိုကျ ရွေးချယ်ခွင့် ရှိရပေမည်။ ယခု ပုဒ်မ ၆(စ) သည် ထိုသို့ ပြည်သူ၏ ရွေးချယ် ပိုင်ခွင့်ကို ကန့်သတ်ချိုးဖောက်ပြီး အလို အလျောက် ဦးဆောင်မှု ပေးမည့် အဖွဲ့အစည်း အဖြစ်၊ တစ်နည်း ဆိုသော် ပြည်သူကြိုက်ကြိုက် မကြိုက်ကြိုက် အိမ်ဦးခန်း တွင် အသင့်ထိုင်ကာ သြဇာပေးဖို့ အခွင့်အရေး ပေးထားသည့် ပြဋ္ဌာန်း ချက်ဖြစ်နေသည်။ အထက်က တင်ပြ ခဲ့သလို ပုဒ်မ ၆(စ) ကို မပြင်ဟု ဆိုလျှင် ထိုပုဒ်မနှင့် ဆန့်ကျင် သဘော ဆောင်သည့် ဤ ပုဒ်မ ၄ ပါ ပြဋ္ဌာန်း ချက် များဖျက်ပစ် ဦးမည်လား။ ထိုသို့ဆိုလျှင် “ကြက်မဖင် ကွဲချင် ကွဲပါစေ၊ ငါ့ကြက်ဥ တော့ မသေးနိုင်” ဆိုသည့် အဖြစ်မျိုး ရောက်ရှိ သွားပေမည်။

မြန်မာနိုင်ငံ သည် တပ်မတော် ၏ ဖွဲ့စည်းပုံ အခြေခံမဲ့ အုပ်ချုပ်မှု အောက်တွင် ကာလများစွာ တည်ရှိ ခဲ့ရခြင်း၊ တပ်မတော် အနေဖြင့်လည်း မိမိတို့ အသာ စီးရ ထားသည့် အခွင့် အာဏာများကို လတ်တလော ကိုင်စွဲ ထားလိုခြင်း၊ အကူး အပြောင်း ကာလ၀ယ် အာဏာ ထိန်းညှိ ထားလိုခြင်း

စသည်တို့ကို ကျွန်တော်တို့ နားလည်ပါသည်။ သို့ရာတွင် ထိုသို့ အဆင်မပြေသော အုပ်ချုပ်မှု အောက်ဝယ် နိုင်ငံ၏ တိုးတက် ဖွံ့ဖြိုးမှုနှုန်း မည်မျှ ကျဆင်းခဲ့ရ၊ မအောင်မမြင် ဖြစ်ခဲ့ရသည် များကိုလည်း လျစ်လျူရှု ပစ်ပယ် ထား၍ မရပေ။ လွှတ်တော် အဆောက် အအုံကြီးကို တပ်မတော် ကပဲ တည်ခဲ့သည် ပြောပြော၊ လမ်း တံတားတွေ တပ်မတော် က ဖောက်လုပ် ဆောက်လုပ် ခဲ့သည်ဆိုဆို အရာ အားလုံး သည် နိုင်ငံတော် နှင့်ပြည်သူ့ ဘဏ္ဍာ များဖြင့်သာ အကောင် အထည် ဖော်ရခြင်းဖြစ်သည်။ ဤသည့် ခေတ်ဝယ် မည် သည့်အစိုးရ တက်တက် မဖြစ်မနေကို လုပ်ဆောင်ကြ မည့် ကိစ္စရပ် များသာဖြစ်သည်။

မှန်တာကို ပြော၍ မှန်တာကို ဆိုကြပါစို့။ တပ်မတော် တစ်ခုတည်း မှ သီးခြား အုပ်ချုပ်စဉ် ကာလ များက ပြည်သူများ ၏ ဘ၀ကို ပြန်ပြေး မြင်ယောင် ကြည့်ပါ။ စနေနေ့ တိုင်း လုပ်အား ပေး၍ အလှူကြီး တိုင်း ငွေထည့်ဝင် ခဲ့ကြရသည်။ က၊ွန်တော်တို့ ဒေသ (ကသာ ခရိုင်အတွင်း) လွယ်မောက် တောင် (ခမောက် တောင်၊ လျှော်ပုံတောင် ဟုလည်း ခေါ်ကြ) ပေါ်တွင် ရှမ်းဘုန်း ကြီး အိပ်မက် အရဟုဆိုကာ စေတီကြီး တစ်ဆူ တည်ခဲ့ သည်။ ကျွန်တော် အပါအ၀င် ကသာ တစ်ခရိုင်လုံး က မြို့ပေါ်ရပ်ကွက်၊ ကျေးရွာတို့မှ ပြည်သူများ ထိုတောင် ပေါ်သို့ လုပ်အား ပေးသွားကြရသည်။ နေ့ခင်းတွင် ရောမ ကျွန်များကဲ့ သို့ ပင်ပန်းကြီးစွာ လုပ်ခဲ့ကြ ရပြီး ညအချိန် တွင် အုပ်ချုပ်သူ ဗိုလ်မှူးဆိုသူ  ငါကိုင် တုတ်ခြင်းကို မအေနှမ မကျန် ခံစားခဲ့ကြ ရသည်။

ထိုမျှမက ခင်းခဲ့သည် ဆိုသော လမ်းတိုင်း  နီးပါး သည် ရောမခေတ် က ကျွန်များနှင့် တူစွာ က၊ွန်တော် တို့ ပြည်သူများ၏ ချွေးဖြင့် ရင်းခဲ့ကြရသည်။ ယာဉ်လိုင်း အားလုံး နီးပါး ချောလိုက် ပါခဲ့ရသည်။ ပြည်သူတို့ စိတ် မချမ်း သာအောင် မည်သူတို့ လုပ်ခဲ့လေ သနည်း။ ပြည်သူ တို့စိတ်နာ အောင် မည်သူတို့ လုပ်ခဲ့လေ သနည်း။ ကျေးဇူး ရှင်နေရာ နေဖို့ဆိုလျှင် ကျေးဇူးရှိ နေဖို့လိုပေသည်။ ပြည်သူနှင့် တပ်မတော် မည်သူက ကျေးဇူးရှင် ဖြစ်မည် နည်း။ တပ်မတော် က ကျေးဇူးရှင် ဆိုလျှင် တပ်မတော် က အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် အစဉ် တစ်စိုက် ပါဝင်သင့်ပြီး ပြည်သူက ကျေးဇူးရှင် ဆိုလျှင် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ  တွင် ပြည်သူ ကသာ ပါဝင်ရမည်။ ကျွန်တော့် အနေဖြင့်မူ ပြည်သူ သည်သာ ၀န်ထမ်း အဖွဲ့အစည်း အားလုံး၏ ကျေးဇူးရှင် ဖြစ်သည်ဟု ယူဆသည်။ တပ်မတော် သည်လည်း ထူးခြားသည့် လုပ်ငန်း သဘာဝ ရှိသည် ဆိုစေဦးတော့ ၀န်ထမ်း အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်သည်ဟု ယူဆ သည်။ တပ်မတော် သည် ပြည်သူ ကို အလုပ် အကျွေး ပြုရာ၌ သာ မွေ့လျော် သင့်ပြီး အမျိုးသား နိုင်ငံရေး ဦး ဆောင်မှုအခန်း ကဏ္ဍကို ပြည်သူတို့ လက်ဝယ်သို့ ပြန်ပေး သင့်ပြီဖြစ် သည်။ ထို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆(စ) ““နိုင်ငံတော် သည် နိုင်ငံတော် ၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် က ပါဝင် ထမ်းဆောင် နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်””သည် မဖြစ်မနေ ကို ပယ်ဖျက် ရမည့် ပြဋ္ဌာန်းချက် ပင်ဖြစ်သည်။

သမိုင်းစဉ် တစ်လျှောက် မကွယ် မထောက်ဘဲ စဉ်း စားကြည့်ကြ လျှင်  လွတ်လပ်ရေး  ကြိုးပမ်း မှုများကို စတင် လှုပ်ရှား တိုက်ပွဲဝင်ကြ သည်မှာ တပ်မတော် မဟုတ် ဘဲ ရဟန်းရှင် လူ ပြည်သူများ သာ ဖြစ်ပါသည်။ တပ်မတော် ဆိုသည် မှာကား ဗိုလ်ချုပ် အောင်ဆန်းကြိုးပမ်း မှုဖြင့် ရဲဘော သုံးကျိပ်မှ အစပြု ကာ ပေါ်ပေါက် လာရခြင်း ဖြစ် သည် ကို မြန်မာ နိုင်ငံသား တိုင်း သိပြီးဖြစ်ပါ သည်။ ထို့ကြောင့် လွတ်လပ်ရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် ပြည်သူ သည်သာ အခရာဖြစ်ခဲ့သည်။

လွတ်လပ် ရေးရပြီး ၁၉၄၇ ဖွဲ့စည်း ပုံဖြင့် နိုင်ငံကို စီမံခဲ့စဉ် အချိန်တွင် လည်း ပုဒ်မ ၁၂ တွင် ““ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသော နိုင်ငံသားတို့က ရွေးချယ် တင်မြှောက် သည့် ပြည်သူ့ လွှတ်တော် သည် အချုပ်အခြာ အာဏာကို နိုင်ငံသား များထံ မှခံယူ၍ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အညီ သုံးစွဲခြင်း၊ ခွဲဝေ အပ်နှင်းခြင်း ပြုသည်””ဟု ပြဋ္ဌာန်း ကာ ပြည်သူများ ကို အာဏာပိုင် များအဖြစ် သတ်မှတ်ပြီး နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် ပြည်သူတို့ က ဦးဆောင် ခဲ့လေသည်။ မလိုလား အပ်သော အာဏာ မက်မောမှု၊ မညီညွတ်မှု၊ အပြန်အလှန် မလေးစားမှု၊ အယူဝါဒ ကွဲပြားမှု စသည်များ ကြောင့် ရောင်စုံ သောင်း ကျန်းမှုများ ပေါ်ပေါက် လာ၍သာ ပြည်သူ့ အာဏာနှင့် တပ်မတော် ပါဝင် ပတ်သက်မှု လုံးထွေး ပတ်သက်လာရ ခြင်းဖြစ် သည်။ ထိုသည်မှာ ပြည်သူ့ အာဏာ တဖြည်းဖြည်း လုံးပါးပါး လာရခြင်း အစဖြစ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ အာဏာ စတင် ရယူချိန်မှစပြီး ပြည်သူ့ အာဏာသည် တဖြည်းဖြည်း ကွယ်ပျောက် သည့် အဆင့်ရောက် သွားလေသည်။ ထို ၁၉၆၂ မှ ၁၉၇၄ အထိ စစ်တပ်ပုံ အုပ်ချုပ် နည်းဖြင့် နိုင်ငံ ကိုစီမံခဲ့ပြီး ၁၉၇၄ မှစကာ ဖွဲ့စည်းပုံ အုပ်ချုပ်ရေး ကို ပြန် အသက် သွင်းခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံ ပုဒ်မ ၃ တွင်လည်း ““ပြည်ထောင်စု မြန်မာနိုင်ငံ ၏ အချုပ်အခြာ အာဏာသည် နိုင်ငံသား တို့၌ တည်သည်””ဟု ပြည်သူ့ အာဏာပြန် သတ်မှတ် ပေးခဲ့သည်။ သို့ရာတွင် နိုင်ငံတော် ဦးဆောင်မှု သည် တစ်ပါတီ ဦးဆောင်မှု သာဖြစ်ပြီး ထို တစ်ပါတီမှာ လည်း တပ်မတော် ၏ ထိန်းချုပ်မှု အောက် တွင်ရှိနေခြင်း၊ ဦးဆောင်သူ အများစုမှာ တပ်မတော် က ဖြစ်ခဲ့ခြင်း စသည့် အချက်များကြောင့် ပြည်သူ့ အာဏာ သည် ထိုကာလများ တွင်လည်း ဦးမထောင်နိုင် ဖြစ်ခဲ့ ရသည်။ “စာထဲက ဆား၊ ဆလိမ်ဆား သည်၊ လျက် ကားမငံ”ဆိုသကဲ့ သို့ ထိုကာလ အတွင်း ပြည်သူ ကို ပေးခဲ့သော ပြည်သူ့ အာဏာ သည် ဥပဒေ ပြဋ္ဌာန်းချက် စာ အဖြစ်သာ ပေးခဲ့ခြင်း ဖြစ်သည့် အတွက် ပြည်သူတို့ ပင်လျှင် ၄င်းတို့ ကိုယ် ၄င်းတို့ အာဏာ ပိုင်ဖြစ်ကြောင်း မသိလိုက် ကြရပေ။

၁၉၈၈ မှ သည် ၂၀၁၁ ခုနှစ်တိုင် အောင်မှာတော့ တပ်မတော် အုပ်ချုပ်မှု စနစ်သို့ပြန် ရောက်ပြီး ယခင်က စာပေး ပေးခဲ့သည့် ပြည်သူ့ အာဏာ သည်လည်း အငွေ့ ပျယ် ပျောက်ကွယ် သွားခဲ့သည်။ ၂၀၁၁ တွင်မှ အာဏာ သက်ရောက် ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄ တွင် ““နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး ၌ တည်သည်””ဟု ပြည်သူများ ကို အာဏာပြန်ပေး ခဲ့ပေ သည်။ သို့ရာတွင် ထိုပေး ခဲ့သောပြည်သူ့ အာဏာသည် ပုဒ်မ ၆(စ)တွင် ပြဋ္ဌာန်း ထားသည့် ““နိုင်ငံတော် သည် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင် နိုင်ရေး ကို အစဉ်တစိုက် ဦးတည်သည်””ဆိုသည့် ပြဋ္ဌာန်းချက် ကြောင့် မှေးမှိန် ကွယ်ပျောက် လုနီးပါး ဖြစ်နေရပြန်သည်။

၁၉၇၄ ဖွဲ့စည်းပုံ အရ ထိုခေတ် မြန်မာနိုင်ငံ သည် ဆိုရှယ်လစ် စနစ်ကို အဓိကထား ပုံဖော်သော ကာလ ဖြစ်သည့် အတွက် ပြည်သူ့ အာဏာကို အယောင်ဆောင် အာဏာ အဖြစ် ထားခြင်းသည် သိပ်ကြီး မသိသာ လှပေ။ ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇ ““နိုင်ငံတော် သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမို ကရေစီစနစ် ကို ကျင့်သုံးသည်”” ဟူသည့် ပြဋ္ဌာန်းချက် အရ ပါတီစုံဒီမိုကရေစီ စနစ် ကို ဦးတည်ကြောင်း ပေါ်လွင် နေပါသည်။ (စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ဟူသည့် စကားလုံး အငြင်းပွားမှု ကို ဤနေရာတွင် မဆွေးနွေး လိုပါ။) ပါတီစုံပါဝင် သည့် ဒီမိုကရေစီ စနစ်တွင် ပါတီ မဟုတ် သည့် တပ်မတော် က နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် ပါဝင် လာနိုင်ခြင်း၊ ပြည်သူ အတွက် ပြည်သူ့ အာဏာဖြင့် ပြည်သူ က အုပ်ချုပ်ခြင်း ဆိုသည့် ဒီမိုကရေစီ အနှစ်သာရ တွင် တပ်မတော် က နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် ပါဝင်လာခြင်း၊ စသည်တို့မှာ တော့ ပြည်ပန်း ညိုချိုချင်ပါလျက် ဆားကဖျက် နေသည်ဟု ဆိုရ မည်ဖြစ်သည်။

အချို့သော ပညာရှင်များ က နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော် ပါဝင်ရခြင်း သည် လိုအပ် ချက် အရလည်းကောင်း၊ လိုအပ် သည့် အတိုင်းအတာ အရ လည်းကောင်းဟု ထုချေ ကာကွယ်ကြ သည်ကို တွေ့ရ သည်။ သို့ရာတွင် ထိုပညာရှင် များကိုယ်တိုင်က နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော် အနေဖြင့် မည်သည့် အတိုင်း အတာအထိ ပါဝင် သင့်သည်၊ မည်သည့် အတိုင်းအတာ အထိ လိုအပ်သည် ကို ယတိပြတ် ချမှတ် ခြင်း မပြုနိုင်သည် ကို တွေ့ရမည်ဖြစ် သည်။ တပ်မတော် သည် နိုင်ငံ တစ်နိုင်ငံတွင် မဖြစ်မနေ အင်အားကြီးစွာ တည်ရှိ နေသင့်သည့် အဖွဲ့အစည်းဖြစ် သည်ကို က၊ွန်တော် လက်ခံပါ သည်။ သို့ရာတွင် တပ်မတော် သည် တပ်မတော် အနေဖြင့်သာ ရှိနေခြင်းက နိုင်ငံအတွက် ကော တပ်မတော် အတွက်ပါ ပိုမို ကောင်းမွန်သည့် အခြေအနေ ဖန်တီးနိုင် မည်ဖြစ်ပါသည်။ နိုင်ငံတော် ကာကွယ်ရေးကို ဦးစားပေး တွေးဆ နေရမည့် တပ်မတော် အနေဖြင့် နိုင်ငံရေးမှာပါ ၀င်ရောက် တာဝန် ယူနေခြင်းသည် တပ်မတော် အားကို မျှသုံးရာ ရောက်နေသလို နိုင်ငံရေးတွင် လည်း ရှင်းလင်း သည့် နိုင်ငံရေး သတ်မှတ် ချက်များ ပေါ်ထွက် မလာနိုင် တော့ပေ။ အနီးစပ်ဆုံး နှင့် အမြင်သာဆုံး ဥပမာ ပေးရလျှင် တပ်မတော် အစိုးရ တက်လာပြီး အရာရာကို လုံခြုံရေး အမြင်စွက်ဖက် လာသည့်အတွက် တက္ကသိုလ် ပေါင်းများ စွာကို ပြင်ပ ထုတ်ခြင်း၊ ပညာရေး ကိစ္စတိုင်းတွင် လုံခြုံရေး အမြင် အဓိက ထားခြင်း တို့ကြောင့် ပညာရေးကြီး အလုံးစုံ ပျက်စီး သွားသည်ကို အများ အသိဖြစ်သည်။ (ဥပဒေ ပါမောက္ခ တစ်ဦး ပညာပို့ချ အပြီး ထောက်လှမ်း ရေးမှ ဆရာကြီး  စာပဲသင်ပါဟု ခေါ်ယူ သတိပေးခြင်း ခံရဖူးသည်။)

ဆိုရလျှင် လူတစ်သိန်းကျော် က ပုဒ်မ ၆(စ) ပါ ““နိုင်ငံတော် သည် နိုင်ငံတော် ၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်း ဆောင်နိုင်ရေး ကို အစဉ်တစိုက် ဦးတည်သည်”” ဆိုသည့် အချက် ကို မပြင် လိုခြင်းသည် ပြည်သူ့ အာဏာ သတ်မှတ် ပေးထားသော၊ အဆိုပါ ပုဒ်မ ၆(စ) နှင့် ရှေ့နောက် ဖီလာဖြစ် နေသော ပြဋ္ဌာန်းချက် များကို ပယ်ဖျက် ပါဆို သည်နှင့် အတူတူဖြစ် နေသည်။ ဒီမိုကရေစီ ၏ စံနှုန်း သည် ပြည်သူ့ အာဏာဖြင့် အုပ်ချုပ် ရခြင်းဖြစ်သည့် အတွက် ဒီမိုကရေစီ စနစ် ကိုသာ အမှန် ဦးတည်ပါလျှင် ထို ပုဒ်မ ၆(စ) သည် မဖြစ်မနေ ပယ်ဖျက် ရမည့် ပြဋ္ဌာန်း ချက်ဖြစ် သည်။ ထို ပြဋ္ဌာန်းချက် ကို ပယ်ဖျက်ခြင်း သည် ပြည်သူ့ အာဏာကို ပြန်ပေးခြင် သာဖြစ်သည်။ ထို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆(စ) ကို ပယ်ဖျက် ခြင်းဖြင့် ပြည်သူ့ အာဏာပြန်ပေးပါ ဟု တောင်းဆို လိုက်ပါသည်။

သော်နေဇော် (ဥပဒေ)
Messenger News Journal

No comments:

Post a Comment