Tuesday, March 11, 2014

အခွန်တံဆိပ် မပါသည့် ပြည်တွင်းထုတ် အရက်၊ ဘီယာများ သိမ်းဆည်းမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အရက်ချက် စက်ရုံများကို ယခု သီတင်းပတ် အတွင်း လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး အခွန် အမှတ်တံဆိပ်များ မပါရှိပါက ပစ္စည်းများ သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 

ပြည်တွင်းအခွန်များ ဦးစီးဌာနက သတ်မှတ်ထားသည့် အခွန် အမှတ်တံဆိပ်များ မှန်ကန်စွာ တပ်ဆင်ခြင်း ရှိ မရှိ စစ်ဆေးမည် ဖြစ်ပြီး စည်းကမ်း ချိုးဖောက်၍ သိမ်းဆည်းသည့် ပစ္စည်းများကို လေလံတင်မည် ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

“ဈေးကွက်ထဲကို အခွန်အမှတ်တံဆိပ် ကပ်ပြီး ဖြန့် မဖြန့်နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာခြင်း ရှိ မရှိ စစ်မှာပါ” ဟု ၎င်းက ပြောဆိုသည်။ 

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အရက်ချက် စက်ရုံများမှာ ရွှေပြည်သာတွင် ခုနစ်ရုံ၊ သာကေတတွင် နှစ်ရုံ၊ အင်းစိန်တွင် တစ်ရုံနှင့် လှိုင်သာယာတွင် ခြောက်ရုံ ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ယခုလအတွက် (မတ်လ) အခွန် အမှတ်တံဆိပ် များကို အရောင် လေးမျိုး ခွဲခြားထားပြီး ဈေးအမြင့်ဆုံး ကျပ် ၁၀၀၀ နှင့် အထက်မှ အနိမ့်ဆုံး ကျပ် ၃၀၀ အထိ သတ်မှတ်ထားကာ ဈေးအမြင့်ဆုံး အရောင် သတ်မှတ်ချက်မှာ ခရမ်းရောင် အမှတ်တံဆိပ် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment