Tuesday, March 11, 2014

တရုတ် CITIC ကုမ္ပဏီနှင့် အစိုးရ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ ပြည်သူအား တင်ပြရန် NDF ပါတီ တောင်းဆို

တရုတ်ပြည်သူ့ သမ္မတနိုင်ငံပိုင် CITIC ကုမ္ပဏီ လုပ်ငန်းစုများနှင့် အစိုးရ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်း များကို ပြည်သူလူထုအား ပွင့်လင်း မြင်သာစွာ တင်ပြရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက မတ်လ ၁၀ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော CITIC ကုမ္ပဏီ လုပ်ငန်းစု စီမံကိန်းများ ဆိုင်ရာ NDF ပါတီ ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ယင်းသို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

CITIC ကုမ္ပဏီ လုပ်ငန်းစုများနှင့် ပူးပေါင်း ဆောင်ရွက်မည့် ကျောက်ဖြူ စက်မှုဇုန် ကုန်ထုတ်လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်း၊ ကားလမ်းတို့ကို BOT စနစ်ဖြင့် ရာစုနှစ်ဝက်တိုင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားသက်သက် အောက်တွင်သာ တိုက်ရိုက် ရှိနေမည်ဖြစ်ပြီး စီးပွားရေး၊ အချုပ်အခြာ အာဏာနှင့် လုံခြုံမှုကို ပွန်းပဲ့ တိုက်စားခံရမည့် အလားအလာ ပေါ်လာနိုင်စရာ ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ထို့အပြင် CITIC စီမံကိန်းများတွင် ပါဝင်သော ကျောက်ဖြူ-ယူနန် ရထားလမ်း ဖောက်လုပ်ရာတွင် မြေယာ သိမ်းဆည်းမှုများ၊ လမ်းအူကြောင်း ဖောက်ရန်အတွက် သစ်ခုတ်ခွင့်နှင့် ယင်းသစ်ခုတ်ခွင့်ကို အသုံးချ၍ စီးပွားဖြစ် အလွန်အကျွံ ထုတ်ယူလာနိုင်ကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဒေသခံ ပြည်သူတွေရဲ့ လူနေမှုဘဝ နစ်နာမှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ဆုံးရှုံးရမှုတွေ ရှိနေတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် စေနိုင်မည့် ကုန်ထုတ်စီးပွား ဖြစ်စဉ်နဲ့ မဆက်စပ်ဘဲ သီးခြား လွတ်ကင်းစွာ ရပ်တည် ဆောင်ရွက်မယ့် ပုံစံဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ စီမံကိန်းများကို ပွင့်လင်း မြင်သာစွာ တင်ပြရန် တောင်းဆိုသည့် အပြင် ပြောင်းရွှေ့ခံ ပြည်သူများအား ယင်းတို့၏ သဘောဆန္ဒအရ ညှိနှိုင်း ပြေလည်စေရန်နှင့် အတင်းအကျပ် ပြောင်းရွှေ့ခြင်း မပြုရန်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများကို စောင့်ရှောက် အကာအကွယ် ပေးရန်၊ လူမှုရေး အဖွဲ့အစည်းများ၏ စောင့်ကြည့် လေ့လာရေး အစီအမံများ ပါဝင်စေရန်နှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေး ဘဝများ မဆုံးရှုံးစေရန် အတွက် စက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖြန့်ကြက် ချထားရေး အစီအမံများ ဖြည့်ဆည်းပေးရန် NDF ပါတီ၏ ထုတ်ပြန်ချက် အတွင်း ထည့်သွင်း ပါရှိသည်။

ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်း ဆောင်ရွက်ရန် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Railways Engineering Corporation တို့က ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး ရထားလမ်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမည် ဖြစ်ကြောင်းလည်း ရခိုင် ရေနံစောင့်ကြည့်ရေး အဖွဲ့ (AOW) ထုတ်ပြန်ချက်များ အရ သိရသည်။

အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး စီမံကိန်းဖြစ်သော ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် နှစ်ပေါင်း ၃၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း CITIC ကုမ္ပဏီ လုပ်ငန်းစု၏ ထုတ်ပြန်ချက်များ အရ သိရသည်။

The Voice Weekly

No comments:

Post a Comment