Thursday, March 13, 2014

ပါတီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားသည့် FDA၊ တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် UNA တို့နှင့် NCCT အဖွဲ့တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး

ပါတီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားသည့် ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA)၊ တိုင်းရင်းသားပါတီများ စုပေါင်းထားသည့် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) နှင့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များသည် မတ် ၁၂ ရက်က ရန်ကုန်မြို့၌ သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

NCCT အဖွဲ့နှင့် FDA အဖွဲ့တို့သည် မတ် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Myanmar Peace Center ၌ တွေ့ဆုံဆွေးနွေးခဲ့ရာ NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် နီးစပ်လာပြီဖြစ်ကြောင်း၊ တစ်ဖက်နိုင် တစ်ဖက်ရှုံး ငြိမ်းချမ်းရေးမဟုတ်ဘဲ ဂုဏ်သိက္ခာရှိသော တရားမျှတသော ငြိမ်းချမ်းရေးဖြစ်စဉ်ရောက်အောင် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် FDA အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ငြိမ်းချမ်းရေးဟာ အရင်လို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ့ရုံတင် ပြီးတဲ့ကိစ္စ မဟုတ်တော့ ဘူး။ ပြည်သူတွေပါ အားလုံးပါပြီးတော့ နိုင်ငံတကာကလည်း အာရုံစိုက်နေတဲ့ ခေတ်ကြီးမှာ နှစ်ခြောက်ဆယ် လက်နက်ကိုင် အဆုံးသတ်ပြီးတော့ ငြိမ်းချမ်းရေးယူဖို့ရာ သိပ်အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ၂၀၁၅ မတိုင်ခင်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပေါ်လာပြီးမှသာလျှင် ၂၀၀၈ အခြေခံဥပဒေရဲ့ ဒီမိုကရက်တစ် စံနှုန်း မပြည့် မီတာ လူ့အခွင့်အရေးနဲ့ မပြည့်မီတာ ဖက်ဒရယ်ပုံစံနဲ့ မပြည့်မီတဲ့ ဟာတွေကို ဖြည့်ဆည်းနိုင်ပြီးတော့ ၂၀၁၅ ကို လှလှပပ ဖြတ်သန်းသွားဖို့ တွန်းအားပေးပြီးတော့ လုပ်ကြပါလို့ ကျွန်တော်တို့ဘက်ကလည်း တိုက်တွန်းခဲ့ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

NCCT အဖွဲ့ဝင်များနှင့် UNA အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒီအဖွဲ့တွေက လုပ်ဖော်ကိုင်ဖက်တွေပဲ။ တိုင်းရင်းသားအရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ပဲ။ ကျွန်တော်တို့က နောက်ဆုံးသိရတဲ့ အချက်အလက်လေးတွေ ၀တ္တရားအရ လာသတင်းပို့လာပြီးတော့ တိုင်ပင်သူတို့ရဲ့ အတွေ့အကြုံအရ လမ်းညွှန်မှာကြားတာကိုလည်း လက်ခံပေါ့လေ။ ရှေ့ဆက်ဆွေးနွေးပွဲတွေ သွားရမယ့် အကြံဉာဏ်တွေလည်း ကျွန်တော်တို့ ရတာပေါ့” ဟု ပြောကြားသည်။

UNA အဖွဲ့ဝင် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကလည်း မြန်မာနိုင်ငံ၌ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် တစ်နှစ်နှစ်နှစ်ဖြင့် ဆောင်ရွက်လို့ မရကြောင်း၊ သို့ရာတွင် ၎င်း၏အတွေ့အကြုံအရ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် ရောင်နီသန်းလာပြီဖြစ်ကြောင်း၊ ငြိမ်း ချမ်းရေးဖြစ် စဉ်တွင် အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့ ပါဝင်လာသည့်အတွက် ခိုင်မာ လာပြီဖြစ်ကြောင်း၊ လာမည့်ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တိုင်းရင်းသားများ၊ ပါတီများအား ဖိတ်ခေါ်မည်ဆို ပါက ပါဝင်မည်ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment