Saturday, March 1, 2014

ရခိုင်ပြည်နယ်မှ HIV/AIDS လူနာများအတွက် ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ယူမည်

ပဋိပက္ခ သတင်းမှား ထုတ်လွှင့်မှုကြောင့်ဟု ဆိုကာ နားလည်မှု စာချွန်လွှာ ရပ်နားခံရသော နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ၏ HIV/AIDS လူနာ ၇၀၀ ကျော်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ဆက်လက် တာဝန်ယူမည် ဖြစ်ကြောင်း အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။


ART ဆေးဝါး ထောက်ပံ့မှုများ စတင်ရန် ပြည်သူ့ဆေးရုံများနှင့် ချိတ်ဆက်မည် ဖြစ်ပြီး စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် ဆေးရုံများတွင် မတ်လဆန်းမှ စတင်ကာ ဆေးဝါးများ စတင် ထုတ်ယူရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ရခိုင်ပြည်နယ် အတွက်ကို တာဝန်ယူနိုင်ပေမယ့် တခြားတိုင်းတွေ အတွက်တော့ ချက်ချင်း ထောက်ပံ့ဖို့ မလွယ်နိုင်ဘူး” ဟု ဒေါက်တာ ထွန်းညွှန့်ဦးက ပြောဆိုသည်။

ယင်းအပြင် နားလည်မှု စာချွန်လွှာ ရပ်နားမည် ဖြစ်သော်လည်း နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ၏ စီမံချက် အားလုံးကို ကျန်းမာရေး ဝန်ကြီးဌာနက လက်လွဲယူရန် ကြားကာလ သတ်မှတ်ရမည် ဖြစ်ကြောင်း၊ MSF စီမံချက် မြို့နယ်တိုင်းက လူနာ အားလုံးကို တာဝန်ယူရေး အတွက် ငွေကြေးနှင့် ဝန်ထမ်း အင်အားဆိုင်ရာ လိုအပ်ချက်များ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

“နိုင်ငံတကာက ရထားတဲ့ MSF ရန်ပုံငွေတွေကိုတော့ တခြား မိတ်ဖက် အဖွဲ့အစည်းတွေကို တစ်ဆင့် လွှဲပေးဖို့ ရှိနိုင်တယ်။ အားလုံး ဆွေးနွေးနေတုန်း ဘာမှ မဆုံးဖြတ်ရသေးဘူး” ဟု ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွှန့်က ပြောဆိုသည်။

HIV/AIDS နည်းတူ ဆေးယဉ်ပါး တီဘီ လူနာများ အတွက်လည်း ဆေးဝါးရရှိမှု အဆက်မပြတ်စေရန် ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ယူသွားမည် ဖြစ်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်တွင် MSF က ထောက်ပံ့နေသော လူနာ စာရင်းကိုမူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ မသိရှိသေးကြောင်း အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်၊ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက ဖြည့်စွက် ပြောကြားသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ထံ ဆက်သွယ် မေးမြန်းသော်လည်း ဖြေရှင်းချက် မပေးလိုကြောင်း MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Peter-Paul de Groote က ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ ပဋိပက္ခတွင် နိုင်ငံတကာ အသိုင်းအဝိုင်းထံ မမှန်မကန် သတင်း ထုတ်လွှင့်မှုကြောင့်ဟု ဆိုကာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စတင်ပြီး အစိုးရနှင့် MSF ကြား နားလည်မှု စာချွန်လွှာ ရပ်နားရန် ဆုံးဖြတ်ခဲ့သည်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) သည် ၁၉၉၂ ခုနှစ်က စတင်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် လက်တွဲ လုပ်ကိုင်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်း လူဦးရေ လေးသိန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော အဖွဲ့တစ်ခုလည်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment