Saturday, March 1, 2014

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီး ဖောက်လုပ်ရန် ဒေါ်လာနှစ်ဘီလျံ ထုတ်ချေးပေးမည့် တရုတ်၏ ကမ်းလှမ်းမှု မြန်မာလက်မခံ

တရုတ်-မြန်မာ စင်္ကြံလမ်းမကြီးအဖြစ် ရွှေလီ-ကျောက်ဖြူ လမ်းမကြီးကို ဖောက်လုပ်ရာတွင် အသုံးပြုရန် အတွက် တရုတ်မှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကို ထုတ်ချေးပေးမည်ဟု ကမ်းလှမ်းထားသော်လည်း မြန်မာဘက်မှ ယာယီသဘော မတူကြောင်း အကြောင်း ပြန်ကြားရန် စီစဉ်ထားသည်ဟု အစိုးရတာဝန်ရှိသူ အချို့ထံမှ စုံစမ်းသိရသည်။


ကျောက်ဖြူ-ရွှေလီ စင်္ကြံလမ်းမကြီး ဖောက်လုပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ဇန်နဝါရီလအတွင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ကျင်းပခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူအဖွဲ့များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကျောက်ဖြူ- ရွှေလီလမ်းမကြီး ဖောက်လုပ်ရာ၌ အသုံးပြုရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ နှစ်ဘီလျံအထိ ထုတ်ချေးပေးမည်ဟု တရုတ်နိုင်ငံဘက်မှ အဆိုပြုကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံဘက်မှ ယင်းကမ်းလှမ်းချက်အပေါ် ယာယီသဘောမတူကြောင်း တရုတ်နိုင်ငံဘက်သို့ အကြောင်းပြန်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

ဆွေးနွေးပွဲ၌ ကျောက်ဖြူ-ရွှေလီ လမ်းမကြီး စီမံကိန်းတွင် ဦးစားပေးဖောက်လုပ်မည့် လမ်းပိုင်းများကိုပင် နှစ်နိုင်ငံတာ ဝန်ရှိသူများက သဘောတူ သတ်မှတ်ခဲ့ပြီး ရွှေလီ-လားရှိုး လမ်းပိုင်းနှင့် မကွေး-ကျောက်ဖြူ လမ်းပိုင်းများကို ဦးစားပေး လမ်းပိုင်းများအဖြစ် သတ်မှတ်ခဲ့သည်ဟုလည်း သိရသည်။

ဦးစားပေးလမ်းပိုင်းများကို ယခု ၂ဝ၁၄ ခုနှစ်အတွင်း၌ပင် စတင်နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်မှ အဆိုပြု ထားကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ချေးငွေများထုတ်ချေးရာတွင် ကမ္ဘာ့ဘဏ်၊ IMF၊ADB တို့ကဲ့သို့ မဟုတ်ဘဲ မြင့်မားလွန်းသည့် ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြင့် ထုတ်ချေးလေ့ရှိပြီး ယခုကဲ့သို့ လက်မခံခြင်းသည် နိုင်ငံအတွက် ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

လမ်းပိုင်းများကို အကောင်အထည်ဖော် ဖောက်လုပ်ရာတွင်BOT စနစ်ဖြင့်လည်းကောင်း သို့တည်းမဟုတ် တရုတ်-မြန်မာ ကုမ္ပဏီများ ပူးပေါင်း၍ PPP စနစ်ဖြင့် လုပ်ကိုင်ရန် တရုတ်နိုင်ငံဘက်မှ အဆိုပြုထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ လာရောက်၍ သတ္တုတူးဖော်ရေးကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ စသည်ဖြင့် စီမံကိန်းပေါင်းများစွာ လာရောက်မြှုပ်နှံထားရာတွင် ယခုအဆိုပြုသည့် စနစ်များဖြစ်သော BOT, PPP စနစ်များဖြင့်သာ လုပ်ကိုင်ထားခြင်းဖြစ်ပြီး အချို့စီမံကိန်းများဆိုလျှင် တစ်ဖက်စောင်းနင်း ဖြစ်နေသည့်အတွက် စာချုပ်များ ပင်ပြန်ပြင်ချုပ်ဆို ခဲ့ရသည်အထိ ရှိခဲ့ဖူးသည်။

လက်ရှိတွင် ဆွေးနွေးဆဲအဆင့်သာ ရှိသေးသည့် ကျောက်ဖြူ-ရွှေလီ လမ်းမကြီး စီမံကိန်းနှင့်ပတ်သက်၍ ဖောက်လုပ်သင့် မသင့်၊ ဖောက်လုပ်ရာတွင် မြန်မာနှင့်တရုတ် မည်သည့်နိုင်ငံအတွက် ပိုမိုအကျိုးဖြစ်ထွန်း မည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ချပြခြင်းမရှိသေးပေ။

Eleven Media Group

No comments:

Post a Comment