Tuesday, March 11, 2014

Iron Cross ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ရန်ကုန် ရွှေထွဋ်တင် ကွင်းတွင် ပြုလုပ်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လိုအပ်သော ကဏ္ဍများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ရော့ခ်တီးဝိုင်းနှင့် တေးဂီတ အဖွဲ့ဖြစ်သော Iron Cross ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီတွင်၊ တာမွေ မြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD အဖွဲ့ချုပ် (ရန်ကုန်) ၏ အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

“ကျွန်တော်တို့ ရန်ကုန်တိုင်း NLD ရုံးခန်းက တော်တော်လေး ယိုယွင်း ပျက်စီးနေပြီ။ နေရာကလည်း ကျဉ်းတဲ့အတွက် အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ လုပ်ရင် လူတွေ များလာတဲ့အခါ အဆင်မပြေဘူး။ အဲဒီအတွက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ရုံးခန်းအဖြစ် အသုံးပြုနိုင်မယ့် သင့်တင့် လျောက်ပတ်တဲ့ အနေအထားမျိုး ရှိတဲ့ တိုက်ခန်းတစ်ခန်း ဝယ်ယူဖို့ ဒီရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲလေးကို ပြုလုပ်ရတာပါ။ ဒီပွဲက ရလာတဲ့ အကျိုးအမြတ်တွေ၊ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပါတီရဲ့ လိုအပ်တဲ့ ကဏ္ဍတွေမှာလည်း မျှဝေ သုံးစွဲသွားမှာပါ” ဟု ယင်းဂီတ ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေး အတွက် ရွှေသံလွင် ကုမ္ပဏီက ပွဲကျင်းပမည့် ရွှေထွဋ်တင် ကွင်းကို အခမဲ့ အသုံးပြုခွင့် ပေးထားသကဲ့သို့ Iron Cross တီးဝိုင်းနှင့် စာချုပ် ချုပ်ဆိုထားသည့် Bagan Entertainment ကလည်း တီးဝိုင်းနှင့် ပွဲတွင် အသုံးပြုမည့် စက်ပစ္စည်းများကို အခမဲ့ ကူညီပံ့ပိုး ပေးထားကြောင်း၊ လက်မှတ်ဈေးနှုန်းကို ထိုင်ခုံမပါ ကျပ် ၆၀၀၀ နှင့် ထိုင်ခုံနှင့် ကြည့်ရှုလိုပါက ကျပ် ၁၂၀၀၀ သတ်မှတ်ထားပြီး City Mart ဆိုင်ခွဲများ၊ မန်းသီရိ တေးသံသွင်း၊ The Sun Music နှင့် Ko Ko Beauty Saloon တို့တွင် ဝယ်ယူ ရရှိနိုင်ကြောင်း NLD အဖွဲ့ချုပ် (ရန်ကုန်) အလုပ်အမှုဆောင် အဖွဲ့မှ အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ Bagan Entertainment က I.C အဖွဲ့ကို စာချုပ် ချုပ်ထားတာပါ။ ပြင်ပက I.C အဖွဲ့ကို ပွဲလုပ်ဖို့ ငှားချင်ရင် တစ်ပွဲကို သိန်း ၃၅၀ ပေးရပါတယ်။ ဒါက ပွဲမှာ အသုံးပြုမယ့် စက်ပစ္စည်းဖိုးတွေ မပါသေးပါဘူး။ ကျွန်တော်တို့ Bagan Entertainment က NLD က လုပ်တဲ့ ပွဲတွေမှာ ကူညီပေးတာက ဒီအဖွဲ့အစည်းတွေက ကူညီပေးသင့်တဲ့ အဖွဲ့အစည်းတွေ ဖြစ်နေလို့ပါ” ဟု Bagan Entertainment မှ မန်နေဂျာ ဦးဝင်းမြင့်စိုးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment