Tuesday, April 29, 2014

မုံရွာတွင် အပူချိန် မြင့်မားသည့်ဒဏ်ကြောင့် သက်ကြီးရွယ်အို သေဆုံးမှု မြင့်တက်

Tuesday, April 29, 2014
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး အများစုတွင် ဧပြီလ နောက်ဆုံးပတ် အတွင်းက မိုးများ ရွာသွန်းခဲ့သော်လည်း မုံရွာမြို့တွင် ဧပြီလ၂၈ ရက်နေ့အထိ မိုးရွာသွန်းခြင်း မရှိသေးဘဲ အပူချိန်များ မြင့်မားလျှက် ရှိသောကြောင့် အသက်ကြီးသူများ သေဆုံးမှု မြင့်တက်ခဲ့ကြောင်း မုံရွာမြို့ပေါ်ရှိ လူမှုကူညီရေးအသင်း များက ပြောကြား သည်။“မနေ့က (ဧပြီလ ၂၇ ရက်နေ့) က ဆိုရင် တစ်ရက်တည်း ခြောက်ဦး သေဆုံးလို့ နာရေးကူညီမှု ၆ ကြိမ်ပြုလုပ်ခဲ့ရတယ်။ ရာသီဥတု ပူတော့ အသက်အရွယ် ကြီးရင့်တဲ့သူတွေ သေဆုံးတာ များတယ်” ဟု မုံရွာမြို့ ဒေဝဂတိ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မုံရွာမြို့တွင် မတ်လအတွင်း က နာရေးကူညီမှုပေါင်း ၆၈ ကြိမ် ကူညီခဲ့ရပြီး၊ ယခု ဧပြီလတွင်မူ လမကုန်ခင် အချိန်တွင်းမှာပင် နာရေးပေါင်း ၈၇ ကြိမ် ကူညီခဲ့ရာ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၏ နာရေးမှာ ထက်ဝက်ခန့် ရှိကြောင်း ဒေဝဂတိ လူမှုကူညီရေးအသင်း မှတ်တမ်းများအရ သိရသည်။
မုံရွာမြို့ အနီးပတ်ဝန်းကျင်တွင် သင်္ကြန်မတိုင်ခင် ကာလအတွင်းက အနည်းငယ် ရွာသွန်းခဲ့သော မိုးသာ ရှိခဲ့ပြီး၊ သင်္ကြန်ကာလပြီး နောက်ပိုင်း မိုးရွာသွန်းမှု မရှိသလောက် ဖြစ်ခဲ့ကာ၊ အပူချိန်များ မြင့် တက်နေဆဲ ဖြစ်ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့တွင် ဧပြီလ တစ်လလုံး၏ အမြင့်ဆုံး အပူချိန်အဖြစ် ၄၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့ကြောင်း မုံရွာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။ “အပူချိန် မြင့်တဲ့အတွက် အရေပြားရောဂါတွေ ဖြစ်ပြီး လာပြ တာတွေ၊ နောက်သွေးပေါင်ကျတာ၊ ခေါင်းမူးတာ စတဲ့ ဝေဒနာ ခံစားရတဲ့ သူတွေကတော့ နေ့စဉ်နှင့်အမျှ လာပြနေကြတာပါပဲ။ အပူချိန်မြင့်တဲ့ အချိန်ဆိုတော့ အသက်ကြီးတဲ့သူတွေ ပိုပြီး သတိထားရမယ့်” ဟု မုံရွာမြို့ခံ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။မြင့်မားသည့် အပူချိန်ကြောင့် မုံရွာ မြို့ပေါ်ရှိ ဈေးကြီး များတွင်လည်း နံနက်ပိုင်း အချိန်လောက်တွင်သာ ဈေးဝယ်သူ ရှိပြီး၊ နေ့လည်ခင်း အပူချိန် မြင့်မားသည့် အချိန်တွင် ဈေးဝယ်သူ မရှိသလောက် ဖြစ်ကာ၊ လူစည်ကားသည့်မြို့တွင်းလမ်းများတွင်လည်း ခြောက် ကပ်နေကြောင်း ချင်းတွင်း ရတနာဈေးအတွင်း အထည်ဆိုင် ဖွင့်လှစ်သူတစ်ဦးက ဆိုသည်။
ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဧပြီလ၂၆ ရက်နေ့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သော်လည်း မုံရွာမြို့တွင် သင်္ကြန်ကာလ ပြီးသည့်အချိန် နောက်ပိုင်းတွင် မိုးရွာသွန်းခဲ့ခြင်း မရှိဘဲ အပူချိန်များ မြင့်တက်နေဆဲ ဖြစ်သည်။
“ရန်ကုန်မှာတော့ နာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေးရတဲ့လူက တစ်နေ့ကို ၃၀ ကျော်ကနေ ၄၀ လောက်ထိ ရှိတယ်။ ဒါက ရန်ကုန်မြို့မှာ နေ့စဉ် ပုံမှန် သင်္ဂြိုဟ်နေရတယ်။ ဒီနှစ်မှာ သိသိသာသာ များလာတာ မရှိဘူး” ဟု နာရေးကူညီမှုအသင်း ရန်ကုန် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment