Wednesday, April 2, 2014

ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည် ရိုဟင်ဂျာဟု ပြောဆိုမှုများရှိနေ


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး၌ စတင်ကောက်ယူ လျက်ရှိရာ လူမျိုးအမည်အတွက် ရိုဟင်ဂျာဟု ပြောဆိုမှုများသည် ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သတင်း ရရှိသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးခွန်း ၄၁ မျိုး မေးမြန်းသွားမည်ဖြစ်ပြီး လူတိုင်းဖြေဆိုရမည့် မေးခွန်း ၂၀ နှင့်အတူ အိမ်ထောင်ကျဖူးသူ အမျိုးသမီးတိုင်း ဖြေဆိုရမည့်မေးခွန်းများ၊ အိမ်အကြောင်းအရာနှင့် သက်ဆိုင်သည့်မေးခွန်းများ၊အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများရှိပါက ဖြေဆို

ရမည့်မေးခွန်းများနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုသားများ ထဲမှ သေဆုံးခြင်းအကြောင်း အရာဆိုင်ရာ မေးခွန်းများ ပါဝင်မည်ဖြစ် သည်။
"အခုဆိုရင် ရိုဟင်ဂျာဆိုလို့ရှိရင် ဘာလို့ထည့်မကောက်တာလဲဆိုပြီး မေးလာတာရှိတယ်။ ရိုဟင်ဂျာဆိုပြီးဖြေဆိုတာ ရခိုင်ပြည်နယ်ရော ရန်ကုန်မှာရောရှိတယ်။ နေရာဒေသအသီးသီးကနေ ကျွန်မတို့ဆီကို ရိုဟင်ဂျာဆိုလို့ရှိရင် ဆရာမတွေက မရေးသွားဘူး ဘာဖြစ်လို့လည်းဆိုပြီးတော့ မေးပါ တယ်။ ရိုဟင်ဂျာလူမျိုးဆိုတာ ကျွန်မတို့နိုင်ငံမှာမရှိဘူး။ ကျွန်မတို့ အထက်ကနေပြီးတော့လည်း ရိုဟင်ဂျာလို့ဖြေဆိုရင် မရေးခဲ့ပါနဲ့လို့ ကျွန်မတို့ကို မှာပါတယ်ရှင့်"ဟု အရေးပေါ်တယ်လီဖုန်းလိုင်း ၁၈၄၀ မှတစ်ဆင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ ပြန်လည်ဖြေကြားပေးနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ကျဝန်ထမ်းအမျိုးသမီးက ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ဦးဝင်းမြိုင်ကလည်း "ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အခက်အခဲမရှိပါဘူး။ တချို့ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ စာရင်းမပေးရလို့ အကောက်မခံဘူးဆိုရင် ကျွန်တော်တို့က မကောက်ပါဘူး။ တိုင်းရင်သားတွေရဲ့နေရာမှာ စာရင်းကောက်တဲ့အခါ ဘာမှလုံခြုံရေးပေးစရာမလိုပါဘူး။ ဘင်္ဂါလီနေတဲ့နေရာတွေ အတွက်တော့ စာရင်းကောက်တွေကို လုံလောက်တဲ့ လုံခြုံရေးပေး ထားပါတယ်"ဟု ပြောကြားသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်နေရာ၌ ရိုဟင်ဂျာဟု ရေးမှတ်ခြင်းမပြုသောကြောင့် စာရင်းအကောက်မခံသည့်သူများ ရှိနေသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က"ရခိုင်ပြည်နယ်မှာ ဆိုရင် ရိုဟင်ဂျာလို့ပေးခွင့်မရရင် စာရင်းအကောက်မခံဘူးဆိုတဲ့သူတွေက သူတို့ရဲ့ဝှိုက်ကတ်ထဲမှာလည်း ဘင်္ဂါလီလို့ပဲရေးထားတယ်။ သူတို့က ၇၃ ခုနှစ် ကောက်တုန်းကလည်း ဘင်္ဂါလီပဲ။ ၈၃ ကောက်တုန်းကလည်း ဘင်္ဂါလီပဲ။ ၂၀၁၂ ခုနှစ် ဆွဲတင်စစ်စစ်တုန်းကလည်း သူတို့ဟာ ဘင်္ဂါလီနဲ့ပဲ ဖြေခဲ့တယ်။ အခုမှ သူတို့က အရေးပေါ်ရိုဟင်ဂျာဆိုပြီးတော့ နိုင်ငံရေးလှည့်ကွက်တစ်ခုနဲ့ လုပ်လာတဲ့သူတွေဖြစ်တဲ့အတွက် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဆူပူမှုမဖြစ်စေလိုတဲ့အတွက် ကျွန်တော်တို့ ဒါတွေကို ချန်ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂါလီဆိုရင် ကောက်သွားတယ်။ ရိုဟင်ဂျာ ဆိုရင်တော့ကျော်ခဲ့ပါတယ်။ ကျော်ခဲ့တဲ့သူတွေရဲ့ လူဦးရေစာရင်းကိုလည်း ချန်/ကျန်နည်းစနစ်အရ တွက်ချက်ပြီးထည့်သွားမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ စုစုပေါင်းအရေအတွက်မျှ ကိုသာ ဖော်ထုတ်ရရှိသည် မဟုတ်ဘဲ နိုင်ငံလူဦးရေသိရှိမှု၊ မျိုးနွယ်စုပါဝင်ဖွဲ့စည်းမှုတို့ကိုပါ ဖော် ညွှန်းနိုင်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်အပေါ် မရိုးမဖြောင့်သောသဘောဖြင့် အခွင့်ကောင်း ယူအမြတ်ထုတ်ရန် ကြိုးပမ်းမှုများကိုလည်း သတိကြီးစွာဖြင့် စောင့်ကြည့် ကာကွယ်သွား ရမည်ဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်း တာဝန်အဖြစ်ခံယူပြီး လူတိုင်းပါဝင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်နှောင့်နှေးရပ်တန့်မှုမရှိဘဲ ပြီးပြည့်စုံအောင်မြင်သည်အထိ လူတိုင်းပါဝင်ကြရန် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက မတ် ၃၀ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိစဉ် ပြောကြားသည်။
"အိမ်တစ်အိမ်မေးတဲ့အခါမှာ သူကရိုဟင်ဂျာလို့ဖြည့်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး။ သူ့ကို ဘင်္ဂါလီလို့ ဖြည့်ရင်ရမယ်။ တခြားသတ်မှတ်ထားတဲ့ ကုတ်နံပါတ်တွေဖြည့်ရင် ရမယ်။ ဒီလိုရိုဟင်ဂျာလို့ပြောရင်တော့ ကျွန်တော်တို့ စာရင်းရေးသွင်းမှာ မဟုတ်ဘူး"ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာများကို မတ် ၂၉ ရက်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှရရှိခဲ့သော စာရင်းများအရ လွန်ခဲ့သော ၁၀ နှစ်ကထက် လူဦးရေ ခုနစ်သန်းနီးပါးအထိ တိုးပွားလာခဲ့ပြီး နောက်ပိုင်းကာလများတွင် အခြေအနေအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်များရပ်တန့်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့်ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများကောက်ခဲ့ကာ မွေးနှုန်း-သေနှုန်းအခြေခံ၊ လူဦးရေ၊ ပညာအရည်အချင်းဖြင့် တွက်ချက်မှုများအရ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏လူဦးရေမှာ ၆၁ ဒသမ ၅၇ သန်းထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။
Eleven Media Group

No comments:

Post a Comment