Saturday, April 26, 2014

အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခြင်း ကျောင်းမဖွင့်မီ အပြီးပိတ်ပင်ရန် လွှတ်တော်တင်



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ဓါတုဗေဒ ဆိုးဆေးပါ အစားအသောက်များ ရောင်းချခြင်းကို လာမည့် ကျောင်းဖွင့်ရာသီ မတိုင်မီ အပြီးသတ် ပိတ်ပင်ရေး ထိရောက်စွာ အကောင်အထည် ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခြင်း ပိတ်ပင်ရန် အဆိုကို ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းလာခြင်း ဖြစ်ကြောင်း
၎င်းတို့က ဆိုသည်။
အခြေခံပညာ ကျောင်းများတွင် ကလေးငယ်များ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော ဓာတုဗေဒ ဆိုးဆေးပါ အစားအသောက်များကို ရောင်းချနေခြင်းကို စီမံချက်ချကာ အမြန်ဆုံး ပိတ်ပင်ရန် လိုအပ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
“ပြည်ပကလာတဲ့ မုန့်တွေသာမက ပြည်တွင်းမှာရှိတဲ့ မုန့်အမျိုးစား တော်တော်များများမှာ ချည်ထည် ဆိုးဆေးတွေကို ရောင်းကောင်းဖို့ အတွက်နဲ့ ကလေးအကြိုက် အရောင်လှဖို့အတွက် သုံးနေကြတာကို တွေ့နေပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ စားသုံးရန် မသင့်သော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက်များကို မူလတန်း ကလေးငယ်များက ပိုမိုစားသုံးလေ့ ရှိကြောင်း လှိုင်သာယာမြို့နယ် မူလတန်းကျောင်း ဆရာမတစ်ဦးက ဆိုသည်။
“ကလေးတွေ ဆိုတော့ မသိတာလည်း ပါတယ်။ အိမ်က မရှိတာလည်း ပါတယ်ဆိုတော့ လက်လှမ်းမှီရာ စားသောက်ကြတာပေါ့။ အကောင်းဆုံးကတော့ ထုတ်လုပ်တဲ့ နေရာတွေကို အရေးယူသင့်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ အခြေခံပညာ ကျောင်းများတွင် အန္တရာယ်ရှိ ဓာတုဗေဒ ပစ္စည်းများပါ အစားအသောက်များ ရောင်းချခြင်းကို အပြီးသတ်ပိတ်ပင်ရန် တိုင်းဒေသကြီး အစိုးရမှ စီမံချက် ချမှတ် ဆောင်ရွက်ရေး တိုက်တွန်းကြောင်း အဆိုကို ဧပြီလ ၃၀ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment