Thursday, April 24, 2014

ယာဉ်စီးခ ပိုမိုတောင်းခံသော ခရီးသည်တင် ယာဉ်များကို ကွင်းဆင်းစစ်ဆေး အရေးယူမည်

ခရီးသွား ပြည်သူများထံမှ ယာဉ်စီးခ ပိုမိုတောင်းခံသည့် ခရီးသည်တင် ယာဉ်များကို ကွင်းဆင်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ သိရသည်။

ယာဉ်လုပ်သားများ၏ လုပ်ရပ်များအပေါ် မကျေနပ်၍ ခရီးသွား ပြည်သူများက မ-ထ-သ (ဗဟို) သို့ တိုင်ကြားသော ပြစ်မှုများတွင် ယာဉ်စီးခ ပိုမိုတောင်းခံသော ဖြစ်စဉ်မှာ ၅ဝ ရာခိုင်နှုန်းကျော် ပါဝင်နေကြောင်း မ-ထ-သ (ဗဟို) စာရင်းဇယားများ အရ သိရသည်။

ယာဉ်လုပ်သားများ၏ ယာဉ်စီးခ ပိုမိုတောင်းခံသော ဖြစ်စဉ်များကို ဟိုင်းလပ်ယာဉ်များ၏ နေရာတွင် အစားထိုး ဝင်ရောက် ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ် အများစုတွင် တွေ့မြင်နေရကြောင်း ခရီးသွား ပြည်သူများထံက သိရသည်။

''ယာဉ်စီးခ ပိုမိုတောင်းခံနေတဲ့ ဖြစ်စဉ်တွေကို လျော့နည်းအောင် လုပ်ဆောင်သွားမှာပါ။ ခရီးသွား ပြည်သူတွေရဲ့ တိုင်ကြားမှုတွေကိုလည်း အရေးယူမှုတွေ ပြုလုပ်နေပါတယ်'' ဟု မ-ထ-သ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားခဲ့သည်။

ယာဉ်လုပ်သားများ၏ လုပ်ရပ်များ အပေါ် မကျေနပ်ပါက ခရီးသွား ပြည်သူများသည် မ-ထ-သ(ဗဟို) သို့ တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်း၊ တိုင်ကြားမှုများ ပြုလုပ်ရာတွင် တိုင်ကြားသည့် ယာဉ်လိုင်းနံပါတ်၊ ယာဉ်နံပါတ်နှင့် အချိန်ကို မှတ်သား၍ တိုင်ကြားနိုင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment