Saturday, April 26, 2014

အငြိမ်းစား ဝန်ထမ်းများ အပိုထောက်ပံ့ကြေးပေးရန် လွှတ်တော်တွင် အဆိုတင်

အငြိမ်းစား ဝန်ထမ်းများကို ပင်စင် လစာအပြင် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရန် ဧပြီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အဆိုတင် သွင်း လာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အငြိမ်းစား ဝန်ထမ်းများ အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရန် အဆိုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က တင်သွင်းခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ခေတ်နှင့်လျော်ညီစွာ သင့်တင့်သော အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရေးကို တိုင်းဒေသကြီး အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြပေးရန် အဆိုတင်သွင်းခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် ကပြောကြားသည်။
“တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို ပင်စင်လစာ တစ်ခုထဲနဲ့ ဖြေရှင်းလို့ မရပါဘူး၊ ကျောင်းသား ကျောင်းသူ ရှိတဲ့ အိမ်တွေမှာဆိုရင် တော်တော်လေး ကျပ်ကျပ်တည်းတည်း ဖြစ်နေပါတယ်” ဟု ၎င်းကဆိုသည်။

အငြိမ်းစား ဝန်ထမ်းများသည် နိုင်ငံတော်မှ ပေးအပ်သော တာဝန်များကို သတ်မှတ်ထားသော နှစ်များအထိ ထမ်းဆောင်ခဲ့သောကြောင့် ပြန်လည် ကြည့်ရှုသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
“ပင်စင်လစာက ဖူလုံမှု မရှိဘူးဆိုတာ အားလုံးသိပါတယ်၊ နိုင်ငံတော်ဘတ်ဂျက် အခြေအနေကို ကြည့်ပြီး လုပ်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

အငြိမ်းစား ဝန်ထမ်းများ အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုရေး အဆိုတင်သွင်းမှုကို တိုင်းဒေသကြီး လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုပြီး ဧပြီလ ၂၈ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

The Voice

No comments:

Post a Comment