Tuesday, April 29, 2014

အဓိပတိ အပြာယာဉ်လိုင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် နှစ်ဦးတို့ အလုံဆင်မင်း မှတ်တိုင်၌ ခိုက်ရန်ဖြစ်

Tuesday, April 29, 2014
အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဆင်မင်းမှတ်တိုင်တွင် ဧပြီလ ၂၇ ရက် ည ၈ နာရီခွဲခန့်က အဓိပတိ အပြာယာဉ်လိုင်းဖြင့် လှိုင်သာယာ မြို့နယ်သို့ ပြန်ရန် လိုက်ပါမည့် ခရီးသည် အမျိုးသားနှစ်ဦးကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကတုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။လှိုင်သာယာမြို့နယ်၊ အမှတ် (၅)ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ကိုမျိုးမြင့်ကျော်နှင့် ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ကိုဇေယျာမျိုးတို့ နှစ်ဦးမှာ ယင်းနေ့ည က ရေခဲမုန့်ရောင်းပြီး နေအိမ်ပြန်ရန် အဓိပတိအပြာယာဉ်၏ ယာဉ်နောက်လိုက်ကို မည်သည့် မှတ်တိုင် အထိ ရောက်မည်ကို မေးမြန်းခဲ့ရာမှ စကားများကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးက တုတ် များဖြင့် ၎င်းတို့ နှစ်ဦးကို ဝိုင်းရိုက်ခဲ့ကြောင်း အလုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“အရိုက်ခံရသူ နှစ်ယောက်က စပါယ်ယာကို ဘယ်မှတ်တိုင်ထိ ရောက်လဲမေးတော့ စပါယ်ယာက ဘယ်သွားမှာလဲ ပြန်မေးတာကို သူတို့က ပြန်မမေးနဲ့ ဘယ်ထိရောက်လည်း မေးတာကို ဖြေဆိုပြီး မူးပြီး ရစ်နေလို့ စကားများနေတုန်း ရေခဲမုန့်ရောင်းသူက လမ်းဘေးက ခဲနဲ့ ပစ်ပေါက်လိုက်တာ ကားပေါ်က ခရီးသည် ကို ထိသွားတယ်။ ခဲမှန်သွားတဲ့ ခရီးသည်နဲ့ ရေခဲမုန့် ရောင်းတဲ့လူ ဆက်ပြီး စကားများကျတော့ ယာဉ်မောင်းကတုတ်နဲ့ဆင်းရိုက်ခဲ့တာ”ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ ဌာနခွဲမှူး ဦးဇေယျာလွင်က ရှင်းပြသည်။
အဆိုပါ ရိုက်နှက်မှုကြောင့် ခရီးသည် ကိုမျိုးမြင့်ကျော်တွင် ဦးခေါင်းကွဲ ဒဏ်ရာနှင့် မျက်နှာပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး ကိုမင်းသက်ပိုင်တွင် နဖူးကွဲပြီး လက်နှင့် ရင်ဘတ်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း အလုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ခရီးသည်နှင့် စကားများရာမှ ယာဉ်ပေါ်မှ ဆင်းပြီး ရိုက်နှက်ခဲ့သော အဓိပတိ အပြာယာဉ်လိုင်း၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အလုံမြို့မ ရဲစခန်းမှ (ပ) ၉၉/၁၄၊ ပုဒ်မ ၂၉၄/ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
“မှားမှားမှန်မှန် ယာဉ်လိုင်း ပြေးဆွဲချိန်မှာ ခရီးသည်နဲ့ ရန်မဖြစ်ရဘူးလို့ စည်းကမ်း ထုတ်ပြန်ထားတယ်။ အခု ခရီးသည်နဲ့ ရန်ဖြစ်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦးကို အလုပ်က ထုတ်ပစ်ဖို့ မနက်က စာထုတ်ပြန်ပြီးပြီ။ လတ်တလော တာဝန်ရှိသူတွေ ရဲစခန်းသွားပြီး အမှုနဲ့ ပတ်သက်တာကို စုံစမ်း စစ်ဆေးနေပါတယ်” ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းမှ ဌာနခွဲမှူးက ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment