Tuesday, April 1, 2014

သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ၏ လက်မှတ်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ၀ယ်ယူရန် ခက်ခဲ

သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများမှ လက်မှတ်ဈေးနှုန်းများ မြင့်တက်လျက် ရှိပြီး နေရပ်ပြန်လို သူများ အနေဖြင့် လက်မှတ်ဝယ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
သင်္ကြန်ကာလ၌ ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေးကွင်းနှင့် ဒဂုံဧရာ အဝေးပြေးကွင်းတို့ရှိ ယာဉ်လိုင်းများအနက် ယာဉ်လိုင်းလေးလိုင်းသာ ပြေးဆွဲမည်ဖြစ်သည်။
"ကျွန်မတို့ ရန်ကုန်ကနေ မုံရွာကိုပြန်ဖို့ မတ် ၂၈ ရက်ကတည်းက လက်မှတ်ဝယ်တော့
ဂိတ်ကမရောင်းသေးဘူးလို့ ပြောတယ်။ လကုန်လို့ လက်မှတ်ဝယ်တော့လည်း လတ်မှတ်တွေ အကုန်ကုန်သွားပြီ။ အလယ်ခုံတွေပဲ ရမယ်လို့ပြောတယ်။ ကျွန်မတို့အနေနဲ့ ခရီးကဝေးတော့ အလယ်ခုံမှာ မစီးနိုင်ဘူး။ ဒါနဲ့ နောက်ထပ်ဂိတ်တစ်ခုကို ပြောင်းဝယ်တော့ သူတို့က တစ်ရက်နေ့ မနက် ၇ နာရီမှာ အောင်မင်္ဂလာ အဝေးပြေးကဂိတ်ကို လာတန်းစီဖို့ ပြောတယ်" ဟု ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှ မမေဦးက ဆိုသည်။
သင်္ကြန်ကာလအတွင်း နေရပ်ပြန်လိုသူများ အနေဖြင့် သင်္ကြန်ကာလ မရောက်မီ မတ်လအတွင်း၌ပင် လက်မှတ်ဝယ်ယူရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
"ရခိုင်ပြန်မယ့် ကားလက်မှတ်တွေကတော့ ဈေးမတက်ဘူး။ ပုံမှန်အတိုင်းပဲ။ မှောင်ခိုဈေးကွက်က ဆိုရင်တော့ ပုံမှန်ထက် တစ်သောင်းလောက်တော့ ဈေးကြီးတယ်။ ရခိုင်ကိုပြန်ဖို့ အောင်သစ္စာ၊ ကစ္စပ၊ ရွှေပြည်သစ်၊ တိုးရတနာ၊ ကြံတိုင်းအောင်စတဲ့ ယာဉ်လိုင်းတွေ အားလုံးမှာတော့ နောက်ဆုံး ထွက်မယ့် ဧပြီ ၁၂ ရက်နေ့အထိ လက်မှတ်တွေ မရှိတော့ဘူး။ မတ်လနောက်ဆုံး ပတ်ကတည်းက လက်မှတ်တွေ ကုန်နေတာ" ဟု ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ပြန်ရန် စီစဉ်နေသည့် ကိုသိန်းနိုင်ကလည်း ဆိုသည်။
သင်္ကြန်ကာလ အတွင်းမှာ ပြေးဆွဲမည့် ယာဉ်လိုင်းများ အနေဖြင့် ပုံမှန်ထက် ယာဉ်စီးခပိုမို တောင်းခံခြင်း မပြုရန် မထသ(အဝေးပြေး)မှ ထုတ်ပြန်ထားသည်။ သင်္ကြန်ကာလ ပြေးဆွဲမည့် ယာဉ်လိုင်းလေး လိုင်းမှာ မြန်မာနိုင်ငံအ ထက်ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းမှ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထားကာ ပြေးဆွဲသွားမည် ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment