Friday, April 25, 2014

ပိုက်လိုင်းလုံခြုံရေး ဆောင်ရွက်နေသော လွယ်ဂျက် လုံခြုံရေး ကင်းစခန်းအား TNLA အဖွဲ့မှ အင်အားသုံး တိုက်ခိုက်မှုကြောင့် စစ်သည် တစ်ဦးနှင့် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့နယ် တောင်ဘက် မိုင်(၂၀)ခန့်အကွာတွင် တပ်မတော်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်နေသော လွယ်ဂျက် လုံခြုံရေး ကင်းစခန်းအား ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA ) အဖွဲ့မှ အင်အားသုံး တိုက်ခိုက်မှု ကြောင့် စစ်သည်တစ်ဦးနှင့် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။
အဆိုပါ ကင်းစခန်းတွင် ပိုက်လိုင်းလုံခြုံရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်(၆)ဦး ခန့်သာ ရှိပြီး TNLA အဖွဲ့မှ အင်အား (၇၀)ဦးခန့်ဖြင့် ၀င်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ၇ နာရီခန့်တွင် ပြန်လည်
ဆုတ်ခွာသွားကြောင်း မြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။
``ဈေးသွားတဲ့ သရီးဂရောင်းပေါ်က အရပ်သားတွေကိုပါ TNLA အဖွဲ့က ပစ်ခတ်ခဲ့တာပါ၊ အခုဆိုရင် အဲ့ဒီထဲက (၆)ယောက် ဒဏ်ရာရပြီး နမ့်ခမ်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရပါတယ်၊ တပ်မတော်ဘက်က စစ်သည် တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ´´ ဟု ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သော မြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ `` အဲဒီ လုံခြုံရေးကင်းစခန်းဟာ ပိုက်လိုင်းလုံခြုံရေးအတွက် တပ်နဲ့ရဲ ပူးပေါင်း အဖွဲ့ အင်အား(၆)ဦးသာ ထားတာဖြစ်ပါတယ်၊ ဒါကို အခွင့်ကောင်းယူပြီး TNLA အဖွဲ့က အင်အား (၇၀) လောက်နဲ့ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဖြတ်သန်းသွားလာနေတဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်ခတ်သွားတာကတော့ ဆိုးလွန်းပါတယ် ´´ ဟု နယ်မြေခံတပ်မှ အရာရှိတစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့ခံတစ်ဦးကလည်း `` ဈေးသွားနေတဲ့ သရီးဂရောင်းပေါ်မှာ ဒေသခံပြည်သူတွေ စီးလာတာ မြင် ပါရက် နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကတော့ TNLA အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်လို့ ပြောရမှာဖြစ်ပါတယ်၊ သူတို့ မကျေနပ်ရင် အဲ့ဒီကင်းစခန်းက စစ်သားနဲ့ ရဲ တွေကိုပဲ ပစ်ခတ် ကြပေါ့၊ အခုလို အပြစ်မဲ့ပြည်သူတွေကို ထိခိုက် ဒဏ်ရာရအောင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့ TNLA အဖွဲ့ကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သင့်ပါ တယ်၊ ဒါမှသာ ဒေသခံတွေကို အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေ မပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ´´ ဟု ပြောကြား သွားပါသည်။
နန်းအွမ် ( နမ့်ခမ်း )
Myanmar Military News




No comments:

Post a Comment