Thursday, May 15, 2014

ကုသိုလ်တော်ဘုရားရင်ပြင်ပေါ်သို့ မန်းဝန်ကြီးချုပ် ဖိနပ်စီးတက်ရောက်ခဲ့ခြင်း မရှိဟုဆို

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်သည် ကုသိုလ်တော်ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာတွင် အငြင်းပွားဖွယ် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ်္စနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် မေ ၁၄ ရက်က မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်သည့်ပုံကို ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ယင်းနေ့က ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ္စကို ၎င်းက ရှင်းလင်းခြင်း ဖြစ်သည်။
“ဓာတ်ပုံတွေမှာ ၀န်ကြီးချုပ် ဖိနပ်စီးထားတာ ဟုတ်ပါတယ်။ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့
သူတို့မှာဖိနပ်မပါပါဘူး။ ဘုရားပုရ၀ဏ် အပြင်ဘက်မှာ ဖွင့်ပွဲလုပ်တာပါ။ ရင်ပြင်ပေါ်ကို ဖိနပ်နဲ့တက်တာ မဟုတ်ဘူး။ မယုံလို့၊ မရောက်ဘူးလို့ ကုသိုလ်တော်ဘုရားကို သွားကြည့်ချင်တယ်ဆိုရင် ၀န်ကြီးချုပ် ဦးရဲမြင့်က စရိတ် ထုတ်ပေးမယ်လို့ ပြောပါတယ်။
ကတ္တရာလမ်းပေါ်မှာ ကောဇောခင်းထားတာဖြစ်ပါတယ်။ ပုရ၀ဏ်အတွင်းမှာ လုံးဝ မဟုတ်ပါဘူး”ဟု ကိုယ်ရေးအရာရှိက ပြောသည်။
အဆိုပါပွဲသို့ တက်ရောက်ခဲ့သော မန္တလေးအခြေစိုက်သတင်းသမားတစ်ဦးက ကုသိုလ်တော်ဘုရားပုရ၀ဏ် အပြင်ဘက်မုခ်ဦးအရှေ့တွင် အခမ်းအနားပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘုရားဝင်းအတွင်း မဟုတ်ကြောင်း အတည်ပြုပြောကြားသည်။
ဆိုရှယ်မီဒီယာတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည်ဟူသော ဓာတ်ပုံနှင့်အတူ ပဲခူးရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်သို့ အစိုးရကားများ တက်ရောက်လာသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်အငြင်းပွားစရာများဖြစ်ပေါ်ခဲ့သည်။
ဖေ့စ်ဘုတ် (Facebook) သုံးစွဲသူ အချို့က နိုင်ငံရေးထိုးနှက်ချက်တစ်ခုဖြစ်နိုင်ကြောင်း ဓာတ်ပုံများတွင် ၀င်ရောက် မှတ်ချက်ပေးခဲ့ကြသည်။
ဝန်ကြီးချုပ်ဦးရဲမြင့်၏ ဓာတ်ပုံသည် မေလ၈ ရက်က မန္တလေးမြို့ မဟာလောက မာရဇိန်ကုသိုလ်တော် ဘုရားအပြင်ဘက်တွင် စိုက်ထူသည့် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း အခမ်းအနားပုံ ဖြစ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုယဉ်ကျေးမှု ဒု-၀န်ကြီးဒေါ်စန်္ဒာခင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး များ တက်ရောက်ခဲ့ကြသည်။
Mizzima - News in Burmese

No comments:

Post a Comment