Sunday, May 18, 2014

ဖွဲ့စည်းပုံပြင်ရေးအတွက် အသက်၁၈နှစ် မပြည့်သေးသူများ ကာချုပ်ထံ တိုက်ရိုက်စာပို့ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

မန္တလေး၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အသက် ၁၈နှစ် မပြည့်သေးတဲ့ ပြည်သူတွေကလည်း ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်စာတင်ပြီး တောင်းဆိုကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး၊ အောင် ပင်လယ်ကွင်း၌ မေလ ၁၈ရက်က တိုက်တွန်းလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက် နံနက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့
ပူးပေါင်းဟောပြောပွဲ့ကို နံနက် ၈နာရီခွဲတွင် စတင်ခဲ့သည်။
ထိုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တပ်မတော်သည် နိုင်ငံကို ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး သမ္မတရာထူး အတွက် ထောက်ခံပေးဖို့ ဖွဲ့စည်းထားခြင်းမဟုတ်ဟု ပြောဆိုလိုက်သည်။
ယင်းအပြင် တပ်မတော်အနေဖြင့် ပြည်သူလူထုထံမှ ယုံကြည်မှု ရရှိရန် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့ လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကထပ်မံ တိုက်တွန်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ရက်က ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ၌လည်း ယခုအချိန်တွင်
တပ်မတော်နှင့် ပြည်သူ အပြန်အလှန် ယုံကြည်မှု မရှိကြကြောင်း ပြောကြားခဲ့သေးသည်။ ယင်းအပြင် တပ်မတော်သားများအနေနှင့် ဖွဲ့စည်ပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ကို ကန့်ကွက်ကြောင်း လက်မှတ်စထိုး ရန်နှင့် နိုင်ငံရေးလုပ်လိုပါက စစ်တပ်မှ နုတ်ထွက်ကြရန် ပြောကြားခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment