Thursday, May 15, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အခမဲ့ ပညာသင်နိုင်တော့မည်

ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာန ပါမောက္ခဒေါက်တာ မိုးမိုးခိုင်က မေလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
“လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။
လုပ်ငန်းခွင်မှာလက်တွေ့အသုံးချနိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းကို ယူနက်စကိုနဲ့ပူးပေါင်းပြီး ရေး ဆွဲ သွားမှာဖြစ် ပါတယ်။ ဒီသင်တန်းတွေမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာမတွေ သင်ကြားပေး မှာပါ”ဟု ပြောသည်။
အဆိုပါ အခမဲ့သင်တန်းတွင် စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များ၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို သုံးလကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးဌာနတွင် မေလ ၁၆ ရက်တွင် လျှောက်လွှာများ စတင်လျှောက်ထားရမည်ဖြစ်ပြီး မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ သင်တန်း များကို ဇွန်လ ပထမပတ်အတွင်း စတင် သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ ဘာသာရပ်များအလိုက် လျှောက်ထားသူများထဲမှ ဘာသာရပ်တစ်ခုလျှင် သင်တန်းသား ၃၀ ဦး လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။
ယူနက်စကိုအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆရာ၊ ဆရာများအရည်အသွေးမြှင့်တင်ခြင်းနှင့် ပညာရေးမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမစီမံကိန်းအဖြစ်လည်းကောင်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ပူးပေါင်း၍ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ အခမဲ့သင်ကြားပေးနိုင်ရေးကို ဒုတိယစီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနနှင့် ယူနက်စကိုအဖွဲ့တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များ၊ အခြေခံ ပညာရေးဆိုင်ရာ ဘာသာရပ်များ၊ ပညာရေးစီမံကိန်းများ၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို အဆင့်မီစွာ သင်ကြားပို့ချပေးနိုင်ရေးများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment