Monday, May 26, 2014

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်များ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကောက်ခံနေသော အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဆန္ဒလက်မှတ်များကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့ အတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထုထံမှ ကောက်ယူသွားမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း ပေးပို့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
“ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် ပြည်သူတွေ ဆန္ဒ ဘယ်လောက်ရှိတယ် ဆိုတာ ထုတ်ပြန်မယ်။ ပြီးရင် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်တဲ့ နေရာအသီးသီးကိုလည်း ပေးပို့သွားမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဆန္ဒပြု လက်မှတ်များကို ကောက်ယူပြီး နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ခြင်းသည် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် လူထုအားကို အခြေပြု တွန်းအားပေးခြင်း ဖြစ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။ 
“လွှတ်တော်ထဲမှာ ပြင်မယ်လို့ ပြောနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်နေတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေဘောင် အတွင်းမှ ပြင်ဆင်မည်ဟု ဆိုထားသောကြောင့် ဆန္ဒပြု လက်မှတ်များ ပေးပို့ခြင်းသည် ဖိအားပေးခြင်းသာ သက်ရောက်နေမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။

ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူ သွားမည် ဖြစ်ပြီး နှောက်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီ ရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ်ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြပါ ရှိသည်။

The Voice Weekly

No comments:

Post a Comment