Sunday, May 18, 2014

ကေအိုင်အေ လူသစ်စုဆောင်း ခံခဲ့ရသူများကို မိဘများထံ ပြန်အပ်

ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ လူသစ်စုဆောင်းခြင်း ခံခဲ့သူများအနက် ၂၁ ဦးကို အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ညှိနှိုင်းမှုဖြင့် မေလ ၁၆ ရက်နေ့က ဧရာဝတီမြစ်ဆုံဒေသ၌ မိဘများထံ ပြန်လည် အပ်နှံခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ခင်မောင်မောင်က ပြော ကြားသည်။
မြစ်ကြီးနား မြို့နယ်အတွင်း မေလဆန်းပိုင်းက လူသစ်စုဆောင်းခြင်း ခံရသူများကို မေလ ၁၆ ရက်နေ့က တီယန်ဇွပ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကေအိုင်အေ တပ်ဖွဲ့ဝင်များထံမှ ခေါ်ဆောင်ခဲ့ပြီး မိဘများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ၂၁ ဦးအနက် ၁၈ ဦးမှာ
အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့ နှစ်ဘက်ညှိနှိုင်းမှုအရ လွဲပြောင်းခဲ့သူများ ဖြစ်ပြီး ကျန် ၃ ဦးမှာ ကေအိုင်အေ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်စဉ် လမ်းခရီးတစ်ဝက်မှ ထွက်ပြေး လွတ်မြောက်လာ သူများ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူ အများစုမှာ မြန်မာပြည်အောက်ပိုင်းမှ ကချင်ပြည်နယ်သို့ လာရောက် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား အများစု ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီတစ်ကြိမ် အပ်နှံတာ ဒုတိယ အကြိမ်မြောက်ပါ။ ပထမတစ်ကြိမ် မေလ ၁၂ ရက်နေ့က ဖမ်းဆီးခံရသူ ၁၈ ဦးကို အပ်နှံခဲ့ပါတယ်။ ကေအိုင်အေက ဖမ်းဆီးထားသူ အမျိုးသားခုနစ်ဦးနဲ့ အမျိုးသမီးသုံးဦးခန့် ကျန်နေပါသေးတယ်။ သူတို့လဲ မကြာခင် လွတ်မြောက်လာမှာပါ” ဟု ဗိုလ်မှူးကြီးက ရှင်းပြသည်။
မေလဆန်းပိုင်းက စတင်၍ မြစ်ကြီးနားမြို့နယ် အတွင်းရှိ အာလမ်ကျေးရွာနှင့် မြစ်ဆုံဒေသ အနီးတဝိုက်တွင် ကေအိုင်အေ တပ်ဖွဲ့ဝင်များက လူသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းနှစ်ဦး အပါအဝင် ၅၇ ဦးခန့်ကို ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆင့်မြင့် အရာရှိတစ်ဦးက ဖြည့်စွက် ပြောကြားသည်။

“ကျွန်တော်တို့ကို ခေါ်သွားတဲ့ တောထဲမှာ ခြင်အရမ်းကိုက်တယ်။ ကျွန်တော်မပျော်ဘူး။ စစ်လဲ မတိုက်ချင်ဘူး” ဟု ကေအိုင်အေ တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခေါ်ဆောင်သွားရာမှ ထွက်ပြေး လွတ်မြောက် လာသူ အသက် ၁၃ နှစ်အရွယ် မောင်ဆွတ်ဂျာက ပြောဆိုသည်။
ကေအိုင်အို (ဗဟို) က အစိုးရ၏ အုပ်ချုပ်ရေး စည်းအတွင်းသို့ ဝင်ရောက်ကာ ပြသာနာ ဖြစ်နိုင်သော အပြုအမူများ မပြုလုပ်ရန်နှင့် လူသစ် စုဆောင်းရာတွင် အသက်အရွယ် မပြည့်မီသူများကို လူသစ် စုဆောင်းခြင်း မပြုလုပ်ရန် ညွန်ကြားထားပြီး ဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ကေအိုင်အို (ဗဟို) ၏ ညွန်ကြားချက်မပါပဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ လုပ်ဆောင် ခဲ့သူ ကေအိုင်အေ တပ်ရင်း (၄) မှ အရာရှိများကိုလည်း အရေးယူ ထားပြီး ဖြစ်ကြောင်း ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က မြစ်ကြီးနား ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကေအိုင်အေ၏ လူသစ် စုဆောင်းခြင်း ခံရသူ ၅၇ ဦးအနက် လက်ရှိအချိန်တွင် ၃၉ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီး ဖြစ်ရာ ကျန်ရှိသူများ အားလုံး ပြန်လည် လွတ်မြောက်ရေးအတွက် ညှိနှိုင်းလျက် ရှိကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment