Sunday, May 18, 2014

အများပြည်သူ သိရှိစေရန် ကြေညာချက်

၁။ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အမှတ် ၁၂၈- ၁၃၂ ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တွင် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို ၁-၄-၂၀၁၄ ရက်မှစ၍ တည်ထောင် ဖွင့်လှစ် ထားပါသည်။ အဆိုပါ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် ဝင်ငွေ ခွန်ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေနှင့် ယင်းဥပဒေတို့၏ နည်းဥပဒေများ၊ စည်းမျဉ်းများပါ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ 

၂။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် မြန်မာနိုင်ငံရှိ အကြီးဆုံးသော အခွန်ထမ်းကြီးများအား အရည်အသွေး ပြည့်ဝသည့် ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ကျွမ်းကျင် အခွန်အရာရှိများဖြင့် ခန့်အပ် တာဝန် ပေးထားသည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် အခွန် ဥပဒေများ အရ လိုအပ်ချက်များကို အခွန်ထမ်းကြီးများ ပိုမို တိုးတက် လိုက်နာ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ချိန်တည်း၌ အခွန်ထမ်းကြီးများ တင်ပြသည့် သတင်း အချက်အလက်များသည် မှန်ကန်ကြောင်း၊
တိကျကြောင်းနှင့် အချိန်မီ ဖြစ်ကြောင်း သေချာစေမည့် မဟာဗျူဟာများကို အကောင်အထည် ဖော်ရန် အခွန်ထမ်းကြီးများနှင့် အတူ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးက ရရှိလာသည့် အတွေ့အကြုံများကို တစ်နိုင်ငံလုံးရှိ အခွန်ထမ်းများ၏ လိုက်နာ ဆောင်ရွက်မှု ပိုမို တိုးတက် ကောင်းမွန် လာစေရန် ဆင့်ပွား အသုံးပြုသွားမည် ဖြစ်ပါသည်။ 

၃။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးတွင် အခွန် တာဝန် ထမ်းဆောင်ရမည့် အခွန်ထမ်းကြီးများကို ရွေးချယ် ဆုံးဖြတ်ရာ၌ အသုံးပြုနိုင်ရန် ဓမ္မဓိဋ္ဌာန် ကျသည့် စံနှုန်းများကို ပြည်တွင်း အခွန်များ ဦးစီးဌာနက သတ်မှတ်ထားပြီး ဖြစ်ပါသည်။ ယင်းစံနှုန်းများတွင် မတည် ရင်းနှီးငွေနှင့် ထည့်ဝင်ပြီး ရင်းနှီးငွေ၊ စုစုပေါင်း ဝင်ငွေ၊ သုံးနှစ်ဆက်တိုက် အခွန်အများဆုံး ပေးဆောင်မှုကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ သတင်း အချက်အလက်များ၊ သယံဇာတ တူးဖော် ထုတ်ယူရေး၊ ဆက်သွယ်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့် လုပ်ငန်းများ၊ အုပ်စု ကုမ္ပဏီများ၊ အများပိုင် ကုမ္ပဏီများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ကဲ့သို့ သီးသန့် လုပ်ငန်း ကဏ္ဍများ စသည်တို့ ပါဝင်မည် ဖြစ်ပါသည်။

၎။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးတွင် အခွန်ပေးရမည့် အခွန်ထမ်းများကို ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပြီး အခွန်ထမ်းများ ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ရာ၌ လိုအပ်မည့် အခွင့်အရေးနှင့် တာဝန်များ၊ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးက ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို အခွန်ထမ်းများအား ရှင်းလင်း ပြောကြားမည် ဖြစ်ပါသည်။ ထိုသို့ ဆက်သွယ် အကြောင်းကြားရာ၌ အကူးအပြောင်း ကာလတွင် အခွန်ထမ်းကြီးများသည် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသို့ ဝင်ငွေ ကြေညာလွှာများကို မည်သည့် အချိန်၊ မည်သည့် နေရာတွင် တင်သွင်းရမည်နှင့် အခွန်ကို မည်သည့်နေရာတွင် ပေးဆောင်ရမည် ဟူသည့် သတင်း အချက်အလက်များကိုလည်း ပြည့်စုံစွာ ဖော်ပြမည် ဖြစ်ပါသည်။

၅။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးက ဆက်သွယ် အကြောင်းကြားခြင်း မရှိသည့် အခွန်ထမ်းများ အနေနှင့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးတွင် မိမိတို့ ဆန္ဒအလျောက် အခွန် ပေးဆောင် လိုပါကလည်း သတ်မှတ်ပုံစံနှင့် အတူ နောက်ဆုံး ဆောင်ရွက်ခဲ့သည့် စာရင်း စစ်ထားပြီး ဖြစ်သော ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းများ ပူးတွဲလျက် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသို့ ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား၍ တင်ပြ လျှောက်ထား နိုင်ပါသည်။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် လျှောက်ထားလွှာကို သုံးသပ်ပြီး လျှောက်ထား လာသည့် အခွန်ထမ်းကို အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး၏ အခွန်ထမ်းအဖြစ် သတ်မှတ်မည် သို့မဟုတ် မူလအခွန် ထမ်းဆောင်နေသည့် ရုံးတွင်ပင် ဆက်လက် ဆောင်ရွက်စေမည် သို့မဟုတ် အခွန်ထမ်းသစ် ဖြစ်ပါက မည်သည့်ရုံးတွင် အခွန် ထမ်းဆောင်ရမည်ကို အကြောင်း ပြန်ကြားမည် ဖြစ်ပါသည်။

၆။ ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို တည်ထောင် ဖွင့်လှစ်ခြင်းဖြင့် အခွန်ထမ်း ကိုယ်တိုင် စည်းကြပ်သည့် စနစ် (Self Assessment System) (SAS) ကို စတင် အကောင် အထည်ဖော်မည် ဖြစ်ပြီး ပြင်ဆင်ပြုစု ရေးဆွဲထားသည့် ဝင်ငွေ ကြေညာလွှာ ပုံစံများကို အသုံးပြုခြင်းဖြင့် ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းများ တင်ပြရန် မလိုတော့ဘဲ အခွန်ထမ်းကြီးများသည် သက်ဆိုင်ရာနှစ် အတွက် ယင်းတို့ ထမ်းဆောင်ရန် တာဝန်ရှိသည့် အခွန်ငွေများကို ပေးဆောင်ရမည် ဖြစ်ပါသည်။ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် ကိုယ်တိုင် စည်းကြပ်ထားသည့် ဝင်ငွေ ကြေညာလွှာ အားလုံးအပေါ် ရရှိထားသည့် အချက်အလက် ပေါင်းစုံ အသုံးပြုလျက် ဆုံးရှုံးနိုင်ခြေ ခွဲခြမ်း စိတ်ဖြာခြင်း လုပ်ငန်းစဉ် (Risk Analysis Process) (RAP) ဖြင့် သုံးသပ်ပြီး ယင်းသို့ တင်သွင်းလာသည့် ဝင်ငွေ ကြေညာလွှာများသည် နောက်ထပ် အသေးစိတ် အခွန်စာရင်း စစ်ဆေးခြင်း (Tax Auditing) ပြုလုပ်ရန် လို/ မလို စဉ်းစား ဆုံးဖြတ်မည် ဖြစ်ပါသည်။

၇။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် "နိုင်ငံသားတိုင်းသည် ဥပဒေနှင့် အညီ ကောက်ခံမည့် အခွန်အခများကို ပေးဆောင်ရန် တာဝန်ရှိသည်"ဟု ဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ အခွန် ပေးဆောင်ခြင်းသည် အခွန်ထမ်း ပြည်သူများ အားလုံး လိုက်နာ ဆောင်ရွက်ရမည့် တာဝန် တစ်ရပ် ဖြစ်ပါသည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် အများပြည်သူ ဝန်ဆောင်မှုများ ပိုမို ကောင်းမွန် မြင့်မားစွာ ရရှိမှုတို့သည် အခွန်ထမ်းပြည်သူ အားလုံးက အခွန်ကို မှန်ကန်စွာ ပေးဆောင်မှုပေါ်တွင် မူတည်နေပါသည်။ အခွန် ဥပဒေများနှင့် အညီ အပြည့်အဝ လိုက်နာ ထမ်းဆောင်ခြင်း မရှိသည့် အခွန်ထမ်းများနှင့် ပတ်သက်၍ တိကျသည့် သတင်း အချက်အလက်များကို ပြည်သူများက အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး၏ အထက်ဖော်ပြပါ လိပ်စာသို့ ဖြစ်စေ၊ အီးမေးလ်လိပ်စာ Itomyanmar2014@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ ပေးပို့လာသည့် အချက်အလက်များကို ပြည်တွင်း အခွန်များဦးစီးဌာနက လုံခြုံမှု အဆင့်အတန်း ရှိသော ကိစ္စအဖြစ် ထိန်းသိမ်း ထားရှိ သုံးသပ်ပြီး လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်မည် ဖြစ်ပါသည်။

၈။ ဤကြေညာချက်နှင့် ပတ်သက်၍ သိရှိလိုသည်များကို အထက်ဖော်ပြပါ လိပ်စာရှိ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး၊ အခွန်ထမ်းရေးရာ ဌာနစု၌ ဖြစ်စေ၊ အီးမေးလ်လိပ်စာ Itomyanmar2014@gmail.com သို့ အီးမေးလ် ဖြင့်ဖြစ်စေ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေး အပ်ပါသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာန
MOI Webportal Myanmar

No comments:

Post a Comment