Wednesday, May 21, 2014

ရဟန်းသံဃာများ ရွေးကောက်ပွဲတွင် မဲပေးခွင့် အယူအဆများ လွှတ်တော်သို့ တင်သွင်းလာပါက တစည ကန့်ကွက်မည်ဟုဆို

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာများ မဲပေးခွင့် အယူအဆများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာများ လွှတ်တော် ရွေးကောက်ပွဲများတွင် မဲပေးခွင့် ရရှိရေး အယူအဆများ လွှတ်တော်သို့ တင်သွင်းလာပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကန့်ကွက်မည် ဖြစ်ကြောင်း အဆိုပါ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက The Voice သို့ ပြောကြားသည်။
အဆိုပါ ပါတီနှင့် သတင်းမီဒီယာများ မန္တလေးမြို့တော်တွင် တွေ့ဆုံစဉ် ရဟန်းသံဃာများ မဲပေးခွင့်ရရှိရေး အယူအဆများ ထွက်ပေါ်နေသည့် ကိစ္စရပ်နှင့် ပတ်သက်၍ အဆိုပါ ပါတီ၏ သဘောထားကို သိရှိလိုကြောင်း The Voice က မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာ ရဟန်းသံဃာများ လွှတ်တော် ရွေးကောက်ပွဲများတွင် မဲပေးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဘာသာရေးနှင့် ရောယှက်ပြီး နိုင်ငံရေး မဆောင်ရွက်ရန် ထည့်သွင်း ရေးသားထားခဲ့ကြောင်း၊ ၁၉၇၄ အခြေခံဥပဒေတွင် ယခင်ဖွဲ့စည်းပုံပါ ယင်းအချက်ကို ထည့်သွင်းရေးသွင်း ထားခဲ့ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယခင်ဖွဲ့စည်းပုံ အခြေခံဥပဒေများမှ မဲပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ယူ၍ ပုဒ်မ ၃၉၂ တွင် ထည့်သွင်း၍ ရေးဆွဲထားခဲ့သဖြင့် ရဟန်းသံဃာများ မဲပေးရေး အယူအဆ အတွေးအခေါ်များ ပါသည့် အချက်အလက်များကို လက်မခံနိုင်ကြောင်း၊ သံဃာများ မဲပေးရေး အယူအဆကို လွှတ်တော်သို့ တင်လာလျှင် လွှတ်တော်က ကန့်ကွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 

“အဲဒီလိုပေးလိုက်ရင် နိုင်ငံရေးကို အကြောင်းပြုပြီး ရှိပြီးသား ဗုဒ္ဓဘာသာ ရဟန်းသံဃာ အဖွဲ့အစည်းတွေ ပြိုကွဲသွားနိုင်တယ်” ဟု ၎င်းကဆိုသည်။
မေလဆန်းပိုင်းက ကျင်းပခဲ့သည့် သံဃာဂိုဏ်းပေါင်းစုံ အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ရှေးဆရာတော် ဘုရားကြီးများ၏ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့် အကျိုးအပြစ်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ဂိုဏ်းပေါင်းစုံ အစည်းအဝေးသို့ တက်ရောက်လာသည့် သံဃာအပါး ၂၅၂၈ ပါးကို ဝေငှခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မန္တလေးမြို့ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများက မိန့်ကြားသည်။
“သံဃာတွေ မဲပေးပိုင်ခွင့်ရရှိရေး ကိစ္စကို ဦးပဉ္စင်းက ကိုယ်တိုင် တောင်းဆိုမှာတော့ မဟုတ်ဘူး။ 
သံဃာအများက တောင်းလာရင်တော့ ဦးပဉ္စင်းလည်း ပါဝင်တောင်းဆိုမယ်” ဟု မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ဆိုသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ထံသို့ သံဃာတော်များ မဲပေးခွင့်ရရှိရေးနှင့် စပ်လျဉ်း၍ မည်သည့် သံဃာတော်များကမှ တင်ပြတောင်းဆိုလာခြင်း မရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မသိရှိသဖြင့် ထင်မြင်ချက်ပေးရန် မရှိကြောင်း အဆိုပါ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် ဦးဆောင်ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။
သံဃာတော်များ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ပြုလျှင် သံဃာတော်များ ဂိုဏ်းကွဲသွားနိုင်သဖြင့် မဲပေးခွင့်ရရှိရေး အယူအဆကို မထောက်ခံနိုင်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၉၂ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သင့်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက The Voice သို့ ပြောကြားသည်။ 

သံဃာတော်များ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသည်ဟူသော အယူအဆသည် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး မတိုင်မီ ပေါ်ထွက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ သံဃာတော်အပါး ငါးသိန်းကျော်ခန့် ရှိသည်။

The Voice Weekly

No comments:

Post a Comment