Thursday, May 29, 2014

ဓာတ်ငွေ့ အရောင်းဆိုင်ရှိ ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ ယာဉ်သုံးစီး ပျက်စီး၊ တစ်ဦး ဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၊ ရန်ကုန်-ပြည် လမ်းဘေးရှိ လှော်ကား သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် မေလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ထရန်စဖော်မာအိုး ပေါက်ကွဲမှုကြောင့် ခရီးသည်တင် ယာဉ်တစ်စီးနှင့် ကိုယ်ပိုင် ယာဉ် နှစ်စီး၏ လေကာ မှန်နှင့် ဘေးမှန်များ ကွဲထွက်ပျက်စီးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ဝင်ပေါက်တွင် တပ်ဆင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဌာနပိုင် ထရန်စဖော်မာ CT ကွိုင်အိုး ရှော့ခ်ဖြစ်ရာမှ မီးပွားစင်ကာ အနီးရှိ မြက်ခြောက်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ထရန်စဖော်မာ ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းပေါက်ကွဲမှုကြောင့် ထရန်စဖော်အိုးရှိ ကြွေသီးများ လွင့်စင်ရာမှ မော်တော်ယာဉ်နှင့် ခရီးသည် အမျိုးသမီးကို ထိမှန်ခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ထရန်စဖော်မာအိုး မီးလောင်နေတယ်လို့ အော်နေချိန်မှာပဲ ကြွေသီးတွေက ကားတွေဘက် လွင့်ထွက်လာလို့ ကားကြားထဲ ပုန်းနေရတယ်။ ပေါက်ကွဲခဲ့တဲ့ ထရန်စဖော်မာနဲ့ ဓာတ်ငွေ့ ထည့်တဲ့နေရာက ဝေးလို့ ကံကောင်းခဲ့တာ။ ဆိုင်ဝန်ထမ်းတွေနဲ့ ကားသမားတွေက သဲတွေနဲ့ပက်ပြီး ဝိုင်းငြှိမ်းလို့ ငါးမိနစ်အတွင်း မီးငြိမ်းသွားတယ်” ဟု ယင်းပေါက်ကွဲမှု ဖြစ်ပွားစဉ် ဓာတ်ငွေ့ လာရောက်ဖြည့်သော မှော်ဘီမြို့နယ်တွင် နေထိုင်သူ ခရီးသည်တင် ယာဉ်မောင်း ဦးသိန်းစိုးက ရှင်းပြသည်။
ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ လွင့်စင်ထွက်သော ကြွေသီးများမှာ ရန်ကုန်-ပြည်လမ်းပေါ် မောင်းနှင် လာသော စူပါကာစတန်ယာဉ်နှင့် ဆိုင်အတွင်း ရပ်ထားသည့် စူပါရုဖ်ယာဉ် နောက်မှန်များကို ထိမှန်ခဲ့ပြီး ဓာတ်ငွေ့ဖြည့်ရန် စောင့်ဆိုင်းနေသည့် ရန်ကုန်-မှော်ဘီ ယာဉ်လိုင်းအမှတ် ၅၃ ခရီးသည်တင် ယာဉ်အတွင်းရှိ ခရီးသည်အမျိုးသမီးကို ထိမှန်ခဲ့သောကြောင့် ညာဘက် လက်ဖျံနှင့် ကျော ကုန်းတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မီးအား အဝင်အထွက် မမျှလို့ ကွိုင်တွေက စရှော့ခ်ဖြစ်တာလား၊ ဒါမှမဟုတ် ဝါယာကြိုးတွေ ပေါက်ပြဲရာက မီးစထွက်ရာက ပေါက်ကွဲမှု ဖြစ်တာလား ဆိုတာကို လတ်တလော စစ်ဆေးနေပါတယ်။ ဓာတ်ငွေ့ဆိုင်ကိုတော့ လက်ရှိ မီးစက်မောင်းပြီး ယာဉ်တွေကို ဓာတ်ငွေ့ ပြန်လည် ရောင်းပေးနေတယ်” ဟု မင်္ဂလာဒုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မိုးကာလ ရောက်ရှိချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများနှင့် လျှပ်စစ်ဓာတ်အား အတက်အကျ အဖြစ်များခြင်းတို့ကြောင့် လျှပ်စစ်ပစ္စည်းများ ပေါက်ကွဲမှုနှင့် ဝါယာရှော့ခ် ဖြစ်ပွား မှုများ နှစ်စဉ်ဖြစ် ပွားလျက် ရှိသောကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် လျှပ်စစ် ပစ္စည်းများကို သတိထား အသုံးပြုသင့်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။





The Voice Weekly

No comments:

Post a Comment