Wednesday, May 28, 2014

မြန်မာနိုင်ငံနှင့် စစ်ရေးပြန်လည်ဆက်ဆံရာတွင် နှစ်နိုင်ငံ တည်ငြိမ်အေးချမ်းမှုသာမက အာဆီယံဒေသအပါအ၀င် နိုင်ငံအများ၏ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုမည်ဟု ဂျပန်စစ်ဦးစီးချုပ် ယုံကြည်

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် မေ ၂၆ ရက်က ရောက်ရှိနေသည့် ဂျပန်စစ်ဦးစီးချုပ် အီဝါဆာကီက မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှု ပြန်လည်စတင်ရာတွင် နှစ်နိုင်ငံ တည်ငြိမ်အေးချမ်းမှုသာမက အာဆီယံဒေသအပါအ၀င် နိုင်ငံအများ၏ တည်ငြိမ်အေးချမ်းမှုကို အထောက် အကူပြုမည်ဟု ယုံကြည်ကြောင်း ဂျပန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် တပ်မတော်အစိုးရ အုပ်ချုပ်မှုလက်အောက်တွင်ရှိစဉ်က ဂျပန်နိုင်ငံအနေဖြင့် စစ်ရေးဆက်ဆံမှုပြုလုပ်ရန် မဖြစ်နိုင်ခဲ့သည့်အတွက် မြန်မာတပ်မတော်နှင့် ဂျပန်တပ်မတော်အကြား ကူးလူးဆက်ဆံမှု ရပ်တန့်ခဲ့ကြောင်း ဂျပန်သံရုံး ဒုတိယအကြီးအကဲ အီချီရိုမာရူယာမာက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် အလည်အပတ်ရောက်ရှိနေသော ဂျပန်စစ်ဦးစီးချုပ် အီဝါဆာကီသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်ချင်း ပူးပေါင်းမှုဆိုင်ရာ ဆွေးနွေးမည်ဖြစ်သည်။

"ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံဟာ မိတ်ဆွေဟောင်းဖြစ်သလို မိတ်ဆွေသစ်လည်းဖြစ်ပါတယ်။ မိတ်ဆွေဟောင်း ဆိုတာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး တိုင်းပြည်ထူထောင်တဲ့အခါမှာ ဂျပန်နိုင်ငံက နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့လို့ ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံကိုလာရောက်ပြီး စစ်ပညာကို သင်ယူခဲ့ပါတယ်" ဟု ဗိုလ်ချုပ်ကြီး အီဝါဆာကီက ပြောကြား ထားသည်။

နှစ်နိုင်ငံသမိုင်းတွင် စစ်ရေးဆက်ဆံမှု အခိုက်အတန့် အဆက်ပြတ်သွားသော်လည်း မြန်မာ့တပ်မတော် စတင်တည်ထောင်ခဲ့စဉ်က ဂျပန်နိုင်ငံရဲ့နက်ရှိုင်းသော ပါဝင်ပတ်သက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတွင် ရှိနေကြောင်း၊ ယခုအချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်နှစ်ရပ်ကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဆက်ဆံရေးတွေ တိုးတက်အောင် လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် လက်ရှိတွင် ငြိမ်းချမ်းရေးကို တက်ကြွစွာ အားပေးထောက်ခံသော မူဝါဒ (Proactive Contributor for Peace) ကို လက်ကိုင်ထားပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းကာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အေဒင်ပင်လယ်ကွေ့တွင် ပင်လယ်ဓားပြနှိမ်နင်းရေး လုပ်ဆောင်နေလျက်ရှိပြီး ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်အဖြစ် ၂၂ နှစ်ကြာ ပါဝင်နေလျက်ရှိသည်။

မြန်မာနိုင်ငံနှင့် စစ်ရေးအရ ပြန်လည်ဆက်ဆံရာတွင် မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်း များနှင့် ညီညွတ်သော တပ်မတော်ဖြစ်လာရေး၊ ဒီမိုကရေစီနည်းလမ်းကျသော တပ်မတော်ဖြစ် လာရေးနှင့် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာစာချုပ်များအတိုင်း လူ့အခွင့် အရေးကို လေးစားလိုက်နာသော တပ်မတော်ဖြစ်လာနိုင်ရန် အကူအညီများပေးနိုင်ကြောင်း အီချီရိုမာရူယာမာက ရှင်းပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment