Saturday, May 31, 2014

ယနေ့မှစ၍ ရန်ကုန်ရှိ မြို့နယ်အချို့ မီးပြတ်မည်

ယနေ့(မေလ ၃၁) ရက်မှ စတင်ကာ ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားအချိန် ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၄ မေလ ၃၁ ရက်တွင် ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လှိုင်၊ စမ်းချောင်း၊ လသာ၊ မရမ်းကုန်း၊ ကျောက်တံတား၊ ကမာရွတ်၊ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊မှော်ဘီမြို့နယ်များရှိ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီအတွင်းအချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်သည်။

ထို့အပြင် ၂၀၁၄ ခုနှစ် ဇွန် လ ၁ ရက်တွင် ဒဂုံအရှေ့၊ တောင်၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်းမတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ ရပ်ကွက်အချို့ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများရှိမည်လည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားလိုင်းပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သောသစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်ရခြင်းကြောင့် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မှုဖြစ်ပေါ်ရခြင်းဖြစ်သည်ဟုလည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားအချိန်ပိုင်းပြတ်တောက်မှုများကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးအခက်အခဲများ အတွက် လည်း မိဘပြည်သူ များကို အနူးအညွတ်တောင်းပန်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

7 Day Daily

No comments:

Post a Comment