Saturday, May 31, 2014

ဖမ်းဆီးရေးအဖွဲ့ ၁၈ ဖွဲ့ဖြင့် စည်းကမ်းမဲ့ယာဉ်များ ဇွန်လ ၁ ရက်နေ့ စဖမ်းမည်

ရန်ကုန်မြို့တော်အတွင်း စည်းကမ်းမဲ့ယာဉ်များ လျော့နည်းလာစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ ပါးစေရန် စည်းကမ်းမဲ့ မောင်းနှင်နေသော မော်တော်ယာဉ်များကို ဖမ်းဆီးရေးအဖွဲ့ ၁၈ ဖွဲ့ဖြင့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ထိရောက်စွာ ဖမ်းဆီးမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
ယာဉ်ကြော ကြပ်တည်းသော နေရာ ၇၉ ခု၌ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကိုးခုအောက်တွင် ဖမ်းဆီးစစ်ဆေးရေး အဖွဲ့ ၁၈ ဖွဲ့ဖြင့် လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း အပါအဝင် အခြားသော ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ ပြုလုပ် သည့် မော်တော် ယာဉ် များကို ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
အဆိုပါ ဖမ်းဆီးရေးအဖွဲ့ တစ်ဖွဲ့တွင် အင်အား ၁၀ ဦး ပါဝင်မည် ဖြစ်ပြီး သုံးမြို့နယ်လျှင် နှစ်ဖွဲ့နှုန်းဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ယင်းများနှင့်အတူ ဖွဲ့စည်းထားသည့် ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားရေးမှုး ဦးစီးဌာန၊ မထသ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ နယ်မြေခံရဲများ၊ စည်ပင်ရဲတပ်ဖွဲ့နှင့်အတူ ပှုးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။
မော်တော်ယာဉ်များကို ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားရေးမှူး ဦးစီးဌာနက ယာဉ်များ၏ ကြံခိုင်မှု၊ လိုင်စင်များ၊ ဝှီးတက်များကို စစ်ဆေးမည် ဖြစ်ပြီး၊ ပို့ဆောင်ရေး ဝန်ကြီးဌာနက လုပ်ငန်းလိုင်စင်၊ မထသက ဂိတ်ဖွင့် လက်မှတ်နှင့် ခရီသည်တင်ယာဉ်များ မှတ်တိုင်တွင် စနစ်တကျ ရပ်မှု ရှိမရှိတို့ကို စစ်ဆေးမည် ဖြစ်ကြောင်း၊ စည်ပင်သာယာ ရဲတပ်ဖွဲ့က လမ်းဘေး ပလက်ဖောင်းပေါ်တွင် စည်ကမ်းမဲ့ ဈေးသည်များကို စစ်ဆေးရှင်းလင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
“လမ်းဆုံ လမ်းခွတွေမှာ ယာဉ်ကြောပိတ်ရတာက ယာဉ်ထိန်းရဲမရှိတဲ့ အချိန် တချို့ကားသမားတွေရဲ့ စည်းကမ်းမဲ့ မောင်းချင်သလို မောင်းနေတာ၊ အဆိုးဆုံးက ခရီးသည်တင်ကားနဲ့ အငှားကားအချို့က စည်းကမ်း အပျက်ဆုံးပဲ” ဟု ပုဇွန်တောင်မြို့နယ် ညောင်တန်းအိမ်ရာတွင် နေထိုင်သူ အဌားယာဉ်မောင်း ဦးသာကျော်က ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မေလ ၂၃ ရက်မှ မေလ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း ယာဉ်တိုက်မှု ၄၇ မှုအနက် ကိုယ်ပိုင်ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားပြီး ရှစ်ဦး သေဆုံးကာ၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။





The Voice Weekly

No comments:

Post a Comment