Tuesday, May 27, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှု ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများတွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သည့် ဟောပြောမှုများကို သတိထားရန် အသိပေးစာ တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူကာ ပေးပို့ထားကြောင်း ယင်းကော်မရှင်က အတည်ပြု ပြောကြားသည်။
မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းအသိပေးစာကို NLD ပါတီထံ ပေးပို့ခဲပြီး အခြေခံဥပဒေပြင်ဆင်ရေး ရှင်းလင်း ဆွေးနွေးရာတွင် အခြေခံဥပဒေကို လေးစား
လိုက်နာရန်နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မများအတိုင်း လိုက်နာ ဆောင်ရွက် ရန်လည်း ညွန်ကြားခဲ့ကြောင်း အဆိုပါကော်မရှင် အတွင်းရေးမှူး ဦးသောင်းလှိုင်က ပြောဆိုသည်။
တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေး လုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြော ဆိုချက်သည် အခြေခံဥပဒေ ခွင့်ပြု ထားသော ဘောင်ကို ကျော် လွန်နေသောကြောင့် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကိုယ်ပြောလိုက်တဲ့ စကားဟာ ဘယ်ကို ဦးတည်နေလဲ၊ မှန်လား မှားလား ဆိုတာ ကာယကံရှင် အသိဆုံးပါ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြော ကြားသည်။
ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခြေခံ ဥပဒေကို လေး စားရန် ပြဋ္ဌာန်း ထားပြီး ဖောက်ဖျက် သည်ဟု တွေ့ရှိ ပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများကို ညွှန်ကြားချက် ထုတ်ပြန် အသိပေးနိုင်သည့် အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာ ပါတီကို သုံးနှစ် ဆိုင်းငံ့ထားခြင်းနှင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခြင်းတို့ဖြင့် အရေးယူနိုင်ကြောင်း ဦးသောင်းလှိုင်က ရှင်းပြသည်။
မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေကို ဖောက် ဖျက်သော စကားလုံးများ မပါရှိကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ငြင်းဆိုသည်။
“ဥပဒေကြောင်းအရ ပြောရရင် ဘောင်ကျော်ခဲ့တာ လုံးဝ မရှိဘူး၊ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်ပြီးတော့လည်း လုပ်သင့်တာကို လုပ်ဆောင်သွားမယ်” ဟု ၎င်းကဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေး ညွှန်ကြားထားသောကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
“ဖောက်ဖျက်တယ်လို့ ပြောပြီး အရေးမယူသေးတာက ကော်မရှင်က အကန့်အသတ်နဲ့ လိုက်လျောပေးထားတယ်။ ပြီးတော့ ထပ်ပြီး စောင့်ကြည့်နေမယ် ဆိုတဲ့ သဘောပဲ” ဟု ၎င်းကဆိုသည်။
မေလ တတိယပတ်အတွင်း ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး အောင်ပင်လယ်ကွင်းတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “တပ်မတော်သား ကိုယ်စားလှယ်တွေဟာ အာဏာ မက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူး ဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်၊ တိုက်တွန်းတယ် ဆိုတဲ့ စကားဟာ တစ်နည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လဲ ပြောလို့ရပါတယ်၊ ကျွန်မ စိန်ခေါ်ပါတယ်” ဟု ပြောကြားသည်ဟု အဆိုပါ အသိပေးစာတွင် ဖော်ပြထားသည်။
အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်များ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယအပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန်ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွင်း မဲစာရွက်များပေါ်တွင် ဖယောင်းသုတ်ထားသည်ဟု သတင်းပေးခဲ့သူ NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကို မမှန် သတင်းပေးမှုဖြင့် တရားစွဲဆိုခဲ့ပြီး ဦးဉာဏ်ဝင်းကို ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခဲ့သည်။

The Voice Weekly

1 comment:

  1. နေပြည်တော် ချုံပုတ်ကြားထဲရောက်နေတဲ့
    သူတွေက အပြောမလျော့သေးဘူး

    ReplyDelete