Wednesday, May 21, 2014

ကချင်တောနက်ထဲ ၁၀ ရက်အကြာ

Photo: ကချင်တောနက်ထဲ ၁၀ ရက်အကြာ
Wednesday, May 21, 2014
 Photo

တောကြီးမျက်မည်းထဲတွင် ၁၀ ရက်ကြာ ကြောက်ရွံ့စိတ်ဖြင့် နေထိုင်ခဲ့ရသော အတွေ့အကြုံများမှာ ကိုဖြိုးဖြိုးအတွက်တော့ ပြန်ပြောင်းစဉ်းစားတိုင်း အိပ်မက်ဆိုးသဖွယ် ဖြစ်နေသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေးတစ်ဦးဖြစ်သော ကိုဖြိုးဖြိုးတစ်ယောက် အားလပ်ရက်တစ်ရက်တွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနှင့်အတူ ကချင်ချောင်းသာဟုခေါ်သော အပန်းဖြေစခန်းသို့ သွားရောက်ရင်း ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

မေလ ၃ ရက်က ကိုဖြိုးဖြိုးအပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်းနှစ်ဦးမှာ မြစ်ကြီးနားမြို့မှ ၁၇ မိုင်ခန့်ကွာဝေးသော ကချင်ချောင်းသာသို့အသွား ဒွန်ဂန်ကျေးရွာအနီးတွင် ကေအိုင်အေ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

မရောက်ဖူးသော တောကြီးမျက်မည်းထဲတွင် ၁၀ ရက်ကြာပြီးနောက် ကိုဖြိုးဖြိုးတစ်ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း တောထဲတွင်ရှိနေစဉ် နေထိုင်ခဲ့ရသော နေ့ရက်များမှာ သူ့အတွက်တော့ အိပ်မက်ဆိုးဖြစ်နေပါသေးသည်။

မေလ ၃ ရက်

အားလပ်ရက်တွင် စိတ်ကြိုက်အနားယူမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကချင်ချောင်းသာသို့ လာရောက်သော ကိုဖြိုးဖြိုးတို့နှစ်ယောက် လမ်းခုလတ်တွင် အရပ်ဝတ် ကေအိုင်အေတပ်ဖွဲ့ဝင်များက ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်ကိုတား၍ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၎င်းတို့ကို ယူနီဖောင်းဝတ် ကေအိုင်အေတပ်ဖွဲ့ဝင်များစောင့်နေသော တောထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ အပြန်အလှန်ပြောစကားများနှင့် ၎င်းတို့၏ လက်မောင်းတံဆိပ်ယူနီဖောင်းများကိုကြည့်၍ ကေအိုင်အေဟုသိရှိခဲ့ရကြောင်း ကိုဖြိုးဖြိုးကပြောသည်။

စတင်ဖမ်းဆီးခြင်းခံခဲ့ရသည့် မေလ ၃ ရက် ညကတော့ ၎င်းတို့နှစ်ဦးမှာ လက်တစ်ဖက်တွင် ကြိုးဖြင့်ချည်နှောင်ခံရ၍ တဲတစ်ခုအတွင်း၌ အိပ်စက်ခဲ့ရသည်။

‘‘အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကြောက်တာပေါ့။ တောထဲလည်း တစ်ခါမှမရောက်ဖူးဘူး’’ဟု ကိုဖြိုးဖြိုးက တောထဲတွင်နေထိုင်ခဲ့ရစဉ်က ခံစားချက်ကို ပြောပြသည်။

မေလ ၄ ရက်

နံနက် ၆ နာရီခန့်မှစတင်၍ ကိုဖြိုးဖြိုးတို့မှာ ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့်အတူ တစ်နေကုန် တောထဲတွင် လမ်းလျှောက်ရသည်။ ၎င်းတို့ကို ခေါ်ဆောင်သွားမည့် တပ်မဟာ ၁ တပ်ရင်း ၄ နယ်မြေသို့ ဦးတည်သွားနေခြင်းဖြစ်သည်။ ယင်းအချိန်မှစတင်၍ ၎င်းတို့ကို ကြိုးချည်နှောင်မထားတော့ဘဲ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပြုထားသည်။ သို့သော်လည်း ဖမ်းဆီးခံထားရသူများမှာ ကိုဖြိုးဖြိုးတို့နှစ်ဦးထက်မကတော့ပါ။ အမျိုးသမီးသုံးဦးအပါအ၀င် ၁၇ ဦးအထိ ရှိလာခဲ့သည်။

မေလ ၆ ရက်

မေလ ၅ ရက်တွင် ထူးခြားမှုမရှိခဲ့ဘဲ ၆ ရက်တွင်တော့ ကျိန်ခရန်ရွာနားသို့ ကိုဖြိုးဖြိုးတို့ ရောက်ရှိလာခဲ့သည်။

စားရေးသောက်ရေးနှင့်ပတ်သက်၍ အစပိုင်းတွင် ကေအိုင်အေတပ်ဖွဲ့ဝင်များ ပါလာသည့် ရိက္ခာခြောက်များကို စားသောက်ခဲ့ပြီးနောက်ပိုင်းတွင် မလုံလောက်သဖြင့် တောထဲရှိအရွက်များကို ခူးဆွတ်စားသောက်ခဲ့ရသည်ဟု ကိုဖြိုးဖြိုးကဆိုသည်။

‘‘မိုးကာစကိုဖြန့်ခင်းပြီး အကုန်လုံးပုံ အားလုံးဝိုင်းစားကြတယ်’’ဟု ကိုဖြိုးဖြိုးက သူ၏ တောတွင်းအတွေ့အကြုံကို ပြန်ပြောင်းပြောသည်။

ဖမ်းဆီးခြင်းခံရသော ကာလတစ်လျှောက်အတွင်း ကေအိုင်အေတပ်ဖွဲ့ဝင်များက ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ကောင်းမွန်စွာ ဆက်ဆံခဲ့ကြောင်းလည်း ကိုဖြိုးဖြိုးကဆိုသည်။

မေလ ၇ ရက်

ယင်းနေ့မှာတော့ ကေအိုင်အေတပ်ဖွဲ့ဝင်များက ကိုဖြိုးဖြိုး အမြတ်တနိုးထားသော ကိုရီးယားမင်းသားစတိုင် ဆံကေသာကို သူ့သဘောမပါဘဲ ညှပ်ပစ်လိုက်သည်။ တပ်ဖွဲ့ဝင်အသစ်အဖြစ် စုဆောင်းရန် စစ်သားပုံစံ ကတုံးဆံတောက်ဆံပင်ညှပ်ပစ်သည်ဟု ထင်မြင်ကြောင်းလည်း ကိုဖြိုးဖြိုးကဆိုသည်။

မေလ ၈ ရက်

ထုံးစံအတိုင်း ကြုံသလိုစား၊ တစ်နေကုန်လမ်းလျှောက်ရသည်မှလွဲ၍ ထူးခြားမှုမရှိခဲ့။ သို့သော် ကချင်ပြည်နယ်ဇာတိဖြစ်သော်လည်း တစ်ခါမှမရောက်ဖူးခဲ့သည့် တောတွင်းသစ်ထုတ်လုပ်ရေးဆင်စခန်းတစ်ခုသို့ ယင်းနေ့တွင် ရောက်ရှိခဲ့သည်။

မေလ ၉ ရက်

ယင်းနေ့တွင်တော့ ဖမ်းဆီးခံထားရသော သူတို့လူစုကို သုံးဖွဲ့ခွဲကာ တောင်ယာဟောင်းတစ်ခုရှိ တဲသုံးတဲတွင် အိပ်စက်စေခဲ့သည်။ ယင်းအချိန်မှစတင်၍ သူတို့ပြန်လည်လွတ်မြောက်နိုင်စေမည့် မျှော်လင့်ချက်တစ်ခုကို  မြင်တွေ့လာခဲ့ရသည်။

၎င်းတို့ကိုပြန်လွှတ်ပေးရန် တပ်မတော်ဘက်မှ ကေအိုင်အိုထံ အကြောင်းကြားထားပြီး သူတို့သွားရာလမ်းကြောင်းတစ်လျှောက်တွင် အစိုးရတပ်များ ပိတ်ဆို့နေရာယူထားကြောင်း ကြားသိလာရခြင်းကြောင့်ဖြစ်သည်။

မေ ၁၁ ရက်

ယင်းနေ့ ညနေ ၄ နာရီတွင်တော့ ကိုဖြိုးဖြိုး၏မျှော်လင့်ချက် ပြည့်ဝလာခဲ့သည်။ သူတို့ဝန်ထမ်းနှစ်ဦးအပါအ၀င် ၁၂ ဦးကို ကေအိုင်အေမှ ပြန်လွှတ်ပေးခဲ့ပြီး တီယန်ဇွပ်ကျေးရွာအုပ်ချုပ်ရေးမှူးက လာရောက်ခေါ်ဆောင်ခဲ့သည်။

ယင်းနောက် အစိုးရတပ်နှင့်တွေ့ဆုံပြီး မေလ ၁၂ ရက်တွင်တော့ သူ၏ မိဘနှစ်ဦး၊ ညီငယ်နှစ်ဦးတို့ စောင့်မျှော်နေသော မြစ်ကြီးနားမြို့ရှိ နေအိမ်သို့ ကိုဖြိုးဖြိုးတစ်ယောက် ပြန်လည်ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် ကိုဖြိုးဖြိုးမှာ သူ၏ မူလအလုပ်တာဝန်များကို ပုံမှန်ပြန်လည်ထမ်းဆောင်နေပြီး မိသားစုနှင့်အတူ တောတွင်းအိပ်မက်ဆိုးကို မေ့ပျောက်ရန် ကြိုးစားနေပါသည်။ ကြုံတွေ့ခဲ့သော ဖြစ်ရပ်များကြောင့် ကချင်ပြည်နယ်တွင် မနေထိုင်တော့ဘဲ အောက်ပြည်အောက်ရွာသို့ သွားရောက်လုပ်ကိုင်စားသောက်ရန် တစ်ခါတရံ စဉ်းစားမိကြောင်းလည်း သူကဆိုသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ထင်မြင်ချက်ကို သတင်းထောက်များက မေးမြန်းရာ ကိုဖြိုးဖြိုးတစ်ယောက် ပြောမပြတတ်ခဲ့ပါ။ သို့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အရပ်သားပြည်သူများအပေါ် ဖမ်းဆီးခြင်း၊ ချောဆွဲခြင်း စသည့်လုပ်ရပ်များအပေါ် မေးမြန်းမှုကိုတော့ သူက ကြမ်းပြင်တစ်နေရာကိုငေးကြည့်ရင်းက ယခုကဲ့သို့ ပြောပြပါသည်။ ‘‘အပြစ်လည်းမပြောချင်ပါဘူး။ နောက်တစ်ခါတော့ ထပ်မကြုံချင်တော့ပါဘူး’’

7Day Daily တောကြီးမျက်မည်းထဲတွင် ၁၀ ရက်ကြာ ကြောက်ရွံ့စိတ်ဖြင့် နေထိုင်ခဲ့ရသော အတွေ့အကြုံများမှာ ကိုဖြိုးဖြိုးအတွက်တော့ ပြန်ပြောင်းစဉ်းစားတိုင်း အိပ်မက်ဆိုးသဖွယ် ဖြစ်နေသည်။ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေးတစ်ဦးဖြစ်သော ကိုဖြိုးဖြိုးတစ်ယောက် အားလပ်ရက်တစ်ရက်တွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနှင့်အတူ ကချင်ချောင်းသာဟုခေါ်သော အပန်းဖြေစခန်းသို့ သွားရောက်ရင်း ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

7Day Daily

No comments:

Post a Comment