Friday, May 9, 2014

ကန့်ဘလူမြို့နယ် လေပြင်းတိုက်၊ မိုးသီးကြွေ၊ စာသင်ကျောင်းနှင့် အိမ် ၆၀ ခန့်ပျက်စီး


 ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကျီကုန်းတောင်ရွာ၊ ကာဘိုးနှင့်ဘူးကြီး ကျေးရွာတို့တွင် မေလ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ပြီး မိုးသီးများ ကြွေခဲ့ခြင်းကြောင့် စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ် ၆၀ ခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ကန့်ဘလူမြို့နယ် ဘူးကြီးရွာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် လေပြင်းများ တိုက်ခတ်ခဲ့ပြီး လောက်စာလုံးခန့် ရှိသည့် မိုးသီးများ မိနစ် ၃၀ ခန့် ကြွေကျခဲ့သဖြင့် အိမ်လေးလုံး ပြိုကျခဲ့ကာ အိမ် ၃၀ ခန့် အမိုးများ ပြုတ်ထွက်ခဲ့ကြောင်း၊ ကြက်မွေးမြူရေးဇုန်ရှိ ကြက်ခြံသုံးခြံမှာလည်း အမိုးများ ပြုတ်ထွက်ခဲ့၍ ကြက်ကောင်ရေ တစ်ထောင်ကျော်ကို အခြားကြက်ခြံ များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းကျေးရွာမှ ဒေသခံ ဦးဆန်းဝင်းက ပြောကြားသည်။


ကာဘိုးကျေးရွာတွင်မူ လေပြင်းတိုက်ခြင်း မိုးသီးကြွေခြင်းတို့ကြောင့် အခြေခံပညာ အထက်တန်းကျောင်း ပင်မကျောင်းဆောင်မှ သွပ်အချပ် ၆၀ ပြုတ်ထွက်ခဲ့၍ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅ သိန်းဆုံးရှုံးခဲ့သည်ဟု ကန့်ဘလူမြို့နယ် မိုးလေဝသ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်၌ လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် မိသားစုဝင်များကို နီးစပ်ရာ ဆွေမျိုးများထံတွင် တည်းခိုနေထိုင်ရန် ပို့ဆောင်ပေးထားကြောင်း ကန့်ဘလူမြို့နယ် ရဲစခန်း တာဝန်ရှိသူက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment